ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည့် အုပ်ချုပ်ရေးမှူးအား တပ်မတော်က ပြန်လည်ခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊ တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရဲစခန်းသို့လွှဲပြောင်းထားပြီးနောက် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီကျော်အချိန်ခန့်တွင် တပ်မတော်မှပြန်လည်ခေါ်ဆောင်သွား ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By အောင်ထိန် 06 Oct 2020


အောင်ထိန်၊ DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ၊ တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရဲစခန်းသို့လွှဲပြောင်းထားပြီးနောက် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီကျော်အချိန်ခန့်တွင် တပ်မတော်မှပြန်လည်ခေါ်ဆောင်သွား ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တောကန်ကျေးရွာအတွင်းသို့ အောက်တိုဘာ ၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာကာ စစ်ဆေးမှုများပြုလုပ်ပြီး အုပ်ချုပ်ရေးမှူး ဦးသန်ကျော်လှိုင် အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းအား တပ်မတော်က တစ်ရက်ကြာဖမ်းဆီးထားပြီး အောက်တိုဘာ ၄ ရက်နေ့မှာ စစ်တွေမြို့အမှတ်(၂) နယ်မြေရဲစခန်းသို့လွှဲပြောင်းခဲ့သော်လည်း ပြန်လည်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ဒီနေ့မနက်ပိုင်းက ရဲစခန်းကိုသွားပြီးကြည့်တော့ မရှိတော့ဘူး။ရဲမှတ်တမ်းမှာ ကျွန်တော်ကြည့်ခဲ့တယ်။မနေ့က ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာ ၃၅၄ တပ်ရင်းက ခေါ်သွားတယ်လို့ပါတယ်။ အခုက ဘယ်နေရာမှာ ထိန်းသိမ်း ထားမှန်းမသိဘူး။ တစ်ခုခုလုပ်မှာကို စိုးရိမ်ရတယ်”ဟု အုပ်ချုပ်ရေးမှူး၏ ယောက်ဖဖြစ်သူ ဦးကျော်သန်းက ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့်အမှုဖွင့်က ချုပ်ရမန်ယူထားကြောင်း သတင်းရရှိသော်လည်း မည်သည့်ပုဒ်မဖြင့် ချုပ်ရမန်ယူထားသည်ကို မိသားစုဝင်များလည်း မသိရှိသေးပေ။

တပ်မတော်မှ ရဲစခန်းသို့လွှဲပြောင်းထားပြီး ပြန်လည်ခေါ်ဆောင်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းအရမဟုတ်ဘဲ ဥပဒေမဲ့သာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း  ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

“လူတစ်ယောက်ကို အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီး တရားစွဲထားပြီးမှ နောက်ထပ်လည်း ထပ်ပြီးစစ်ဆေးမယ်ဆိုရင် ဒါကညှဉ်းပမ်းနှိပ်စက်တာဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်တာ။ ဥပဒေမှာ အဲလိုလုပ်လို့မရဘူး။ စုံစမ်းစစ်ဆေးမယ်ဆိုရင်လည်း ရဲကပဲလုပ်ရမှာ။ ဒါက ဥပဒေကို အကြောင်းအမျိုးမျိုးပြပြီး လူတစ်ယောက်ကို မတရားဖမ်းဆီးချုပ်နှောင်တာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် ဖမ်းဆီးခံထားရသည့် တော့ကန်ကျေးရွာအုပ်ချုပ်ရေမှူးအား အမြန်ဆုံးပြန်လည်လွှတ်ပေးရန် စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် အောက်တိုဘာ ၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံ၌ တောင်းဆိုခဲ့ကြသည်။

တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရရှိခဲ့ပေ။

အလားတူ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှ ဆန်စက်ပိုင်းရှင် ဦးရဲကျော်ထွန်းအား စစ်တွေမြို့အမှတ်(၁)ရဲစခန်း၌ ထိန်းသိမ်းထားစဉ် တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် နောက်တစ်နေ့တွင် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂ (က)တို့ဖြင့်အမှုဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့် လာနေပြီး အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံမှုများလာနေသလို အရပ်သားထိုခိုက်သေ ဆုံးမှုများလည်း နေ့စဉ်နှင့်အမျှတိုးနေသည်။

ဗီဒီယိုများ