မောင်တောမှ ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စ စစ်ကောင်စီကိုင်တွယ်ဖြေရှင်းမှု အားနည်းသည့်အပေါ် ဝေဖန်နေကြ

မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ယနေ့ ဇွန်လ ၂၁ ရက်နေ့ဆိုလျင်  ၅ ရက်မြောက်အထိရှိလာခဲ့ပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်ခြင်းမရှိသလို ၎င်းတို့နှစ်ဦးအားမည်သည့် နေရာတွင် ထိန်းသိမ်းထားခြင်းကိုပါ မသိရှိရသေးပေ။

21 Jun 2022

DMG ၊ ဇွန် ၂၁

မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ယနေ့ ဇွန်လ ၂၁ ရက်နေ့ဆိုလျင်  ၅ ရက်မြောက်အထိရှိလာခဲ့ပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက်ခြင်းမရှိသလို ၎င်းတို့နှစ်ဦးအားမည်သည့် နေရာတွင် ထိန်းသိမ်းထားခြင်းကိုပါ မသိရှိရသေးပေ။

ပညာရေးဝန်ထမ်းနှစ်ဦး ကိစ္စရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအနေဖြင့် သတင်းအချက် အလက်များအား သိသင့်သိထိုက်သည့် အဖွဲ့အစည်းများကို အသိပေးရန်လိုအပ်ပြီး လက်ရှိတွင် မည်သို့ဆောင် ရွက်နေသည်ကို လည်းမသိရှိရကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“အခုက ထိထိရောက်ရောက်ဘယ်လို ကိုင်တွယ်လုပ်ဆောင်နေတယ်ဆိုတာကိုလည်း အများပြည်သူကသိရှိရ တဲ့အခြေအနေမျိုးမရှိဘူး။ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်လုပ်ဆောင်နေမှုအပိုင်းကလည်း ထင် သာမြင်သာမရှိတာကြောင့် ပြည်သူလူထုကလည်း စိုးရိမ်သောကစိတ်ပိုပြီးရောက်ရတယ်လို့ ယူဆတယ်”ဟု ဦးသာထွန်းလှက ပြောသည်။

မောင်တော်မြို့နယ်၊ သဘောင်္လှကျေးရွာမှာ တာဝန်ထမ်းဆောင်နေသည်သော မူလတန်းကျောင်းအုပ်ချုပ် ဦးဘိုဝင်းနှင့် ကျောင်းဆရာမ ဒေါ်ဥမ္မာကျော်တို့နှစ်ဦးမှာ ပြီးခဲ့သည့် (ဇွန်လ ၁၆ ရက် နေ့ နေ့လည် ၁ နာရီခန့်) ကပင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးသို့သွားရောက် စဉ် သဘောင်္လှကျေးရွာနှင့် ရ မိုင်ခန့်ဝေးကွားသည့် ကျောက်ချောင်းကျေးရွာအနီးတွင် ပျောက်ဆုံးသွားခြင်းဖြစ် သည်။

ပျောက်ဆုံးသွားသူနှစ်ဦးအား လိုက်လှံရှာဖွေခဲ့ကာသော်လည်း မတွေ့ရှိခဲ့ပြီး ရှာဖွေသူများပါ ပစ်ခတ်ခံရမှုများရှိ သဖြင့် ရှာဖွေမှုကိုရပ်တန့်ခဲ့ကြသည်။ ပညာရေးဝန်ထမ်းနှစ်ဦးကို မည့်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးထားကြောင်း မသိရှိရဘဲ ၎င်းတို့နှစ်ဦးမှာ ပြန်ပြေးဆွဲခံထားရခြင်းကြောင်းသိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးကို ပြန်လိုချင်ပါက ဘင်္ဂလားဒေ့ရှ် တကာငွေသိန်း ၅၀ ဖြင့်ပြန်ရွေးရန် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် ပြန်ပြေးဆွဲထားသူများမှ မြို့နယ်ပညာရေးမှူးထံသို့ ဖုန်းဆက်၍ အကြောင်း ပညာရေးဝန်ထမ်း နှစ်ဦးအတွက် ဦးဆောင်ဆောင်ရွက်နေသည့် နံသာတောင်ဆရာတော်ထံမှ တစ်ဆင့်ကြားသိရသည်။

ပြည်နယ်စစ်ကောင်စီအနေဖြင့် ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံသည့်ကိစ္စနှင့်ပတ်သက်၍ တိတိကျကျမသိရှိရ ဘဲ ကြားရုံသာကြားရသေးကြောင်း ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ဖြေကြား ထားသည်။

“ဒါထုတ်ပြန်ပေးပါလို့လည်း မရှိဘူး။ ငါလည်းကြားရုံလောက်ပဲ ကြားတယ်။ ဆရာနဲ့ဆရာမဖမ်းသွားတယ်ဆို ဘယ်ကဖမ်းသွားမှန်းတောင်မသိဘူး။ ဘဂ်လားဒေ့ရှ်တာကာငွေ သိန်း ၅၀ နဲ့ ပြန်ရွေးဖို့ပြောတာ ကိုတော့ အဲဒါ ငါတော့မသိဘူး။ မြို့နယ်ပညာရေးမှူး ဆီ အဲလိုပြောတယ်ဆိုလို့ ရှိရင် မြို့နယ် ပညာရေးမှူး ဆီမေးကြည့်ပါလား။ သူပဲသိမှာပေါ့။ ငါတို့ကတော့မသိသေးဘူး”ဟု ဦးလှသိန်းက ပြောသည်။

အဆိုပါ ကိစ္စမှာ ပညာရေးဝန်ကြီးနှင့်တိုက်ရိုက်သက်ဆိုင်ပြီး ပညာရေးဝန်ကြီးအနေဖြင့် မည်သို့ဆောင်ရွက်နေ သည်ကို ၎င်းအားတစ်စုံတစ်ရာမှ တင်ပြအကြောင်းကြားခြင်းမရှိသည့်အတွက် မည်သည့်တစ်ခုမှမသိရ ကြောင်း ဦးလှသိန်းက ဆက်လက်၍ပြောသည်။

“သူတို့အစိုးရဝန်ထမ်း နိုင်ငံ့ဝန်ထမ်းဖြစ်တယ်။ ဒီကိစ္စအတွက် အစိုးရမှာအဓိကတာဝန်ရှိတယ်။ အခုက အစိုးရက တာဝန်ယူတဲ့အပြင် ဒီကိစ္စအပေါ်မသိသေးဘူးလို့ ပေါ့ပေါ့ဆဆပြောဆိုမှုတွေက ပြန်ပြေးဆွဲခံရတဲ့သူတွေမ ဟုတ်ဘဲ အခြားဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက်ရောဘယ်သူတာဝန်ယူမှာလဲ” ဟု မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ဖမ်းဆီးခံထားရသည့် ပညာရေးဝန်ထမ်းနှစ်ဦးအတွက် ဘေးမသီရန်မခဘဲ ပြန်လည်လွတ် မြောက်အောင်ဆောင်ရွက်ပေးမှုမရှိပါက မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန် ထမ်းအားလုံး အလုပ်မှရပ်နားသွားမည်ကြောင်း အထက်ပါ လုံခြုံရေးအရနာမည်မဖော်လိုသည့် ပညာရေးဝန် ထမ်းထံမှသိရသည်။

နိုင်ငံ၏အချုပ်အခြာအာဏာကိုကိုင်စွဲထားသော အစိုးရအနေ ဖြင့် အပြည့်အဝတာဝန်ရှိသည့်အလျောက် အစိုးရလက်အောက်ရှိ စစ်ဘက်၊ ရဲဘက်နှင့် အခြားလုံခြုံရေးဆိုင်ရာ ယန္တရားများအား အပြည့်အဝအသုံးချကာ ပညာရေးဝန်ထမ်းနှစ်ဦးလွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် ရခိုင့်ဦးဆောင်ပါတီ (AFP) ယနေ့ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

“လွတ်မြောက်ရေးအတွက် (ပညာရေးဝန်ထမ်းနှစ်ဦး)ဝိုင်းဝန်းလုပ်ကြဖို့။ အဓိကတော့ အချုပ်အခြာအာဏာကို ကိုင်ထားတဲ့ မြန်မာအစိုးရမှာတာဝန်ရှိတယ်။မြန်မာအစိုးရမှာတစ်ခါ ပြည်နယ်အစိုးရလုံခြံရေးယန္တရားတွေကို ကိုင်တွယ်နိုင်ခွင့်မရှိသလောက်ဖြစ်တယ်။ဒါကြောင့် ဗဟိုအစိုးရကအဓိကဆောင်ရွက်ရမှာဖြစ်တယ်”ဟု APF ပါတီ ပြောရေးဆိုခွင့်ရှိသူ ပါတီဒုဥက္ကဌ ဦးကျော်ဇော်ဦးက ပြောသည်။

မြန်မာနိုင်ငံသားပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပြေးဆွဲခံရမှုသည် ရခိုင်ပြည်သူထုလု၏ဘဝလုံခြုံရေးကို များစွာထိ ခိုက်စေသည့်အတွက်  ပညာရေးဝန်ထမ်းနှစ်ဦးလွတ်မြောက် အောင်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအနေမှာ အပြည့်အဝတာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ ANP က မနေ့က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပွားနေသည့် ပြဿနာမှာ ရှုပ်ထွေးနက်နဲသည့်အတွက် စစ်ကောင်စီအနေဖြင့် ညင်သာစွာကိုင်တွယ် ဖြေရှင်းရန်လိုအပ်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဦးခိုင်ကောင်းစံ ထောက်ပြပြောဆိုသည်။

“ဒီပြဿနာကိုကြည့်တဲ့အခါ ရှုပ်ထွေးတယ်နက်နဲတယ်။နောက်ပြီး ညင်သာစွာနဲ့ကိုင်တွယ်ဖို့ဖြေရှင်းဖို့လိုတယ်။ အဓိက ငွေထက် ဆရာ၊ဆရာမတွေရဲ့အသက် လုံခြုံမှု ဘေးကင်းစွာနဲ့ပြန်ရောက်ဖို့အတွက်ကိုပဲအားစိုက်သင့် တယ်”ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ယင်းအပြင် ယခုဖြစ်ပွားနေသည့် ကိစ္စရပ်မှာ နယ်စပ်ဒေသမှာဖြစ်နေသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်ရှိစစ်ကောင်စီအ စိုးတို့က နှစ်ဖက်ကြားမှာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း ဦးခိုင်ကောင်းစံက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ပညာရေးဝန်းထမ်းနှစ်ဦးဖမ်းဆီးခံရကာ ပြန်ပြေးဆွဲမှုကိစ္စရာများရှိလာနေသည့်အတွက် မောင်တော မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် အခြားပညာရေးဝန်းထမ်းများမှာ မိမိတို့၏လုံခြုံရေးနှင့်ပတ်သက် ၍ စိုးရိမ်များရှိနေကြသည်။

ဗီဒီယိုများ