သံတွဲတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ တစ်ဦးရှိ

ရခိုင်ပြည်နယ်၊ သံတွဲဆေးရုံသို့ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဂျာမဏီနိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်သူဌေး 30 Mar 2020

ကျော်သူဌေး | DMG
မတ် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ သံတွဲဆေးရုံသို့ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဂျာမဏီနိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဂျာမဏီနိုင်ငံသားမှာ မတ်လ ၂၉ ရက်နေ့က ဖျားခြင်း၊ နှာစီးခြင်းများ ဖြစ်ပေါ်လာသဖြင့် သံတွဲဆေးရုံသို့ ဆေးခန်းပြရန်လာသည့်အခါ ၎င်းကိုစောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဂျာမဏီက တစ်ယောက်က သံတွဲကို ရောက်တာ ၈ ရက်လောက်ရှိပြီ။ မနေ့က သူ့ကိုသူ စိတ်မချလို့ လာပြတယ် ဖြစ်မှာပေါ့။ အခုက စောင့်ကြည့်လူနာအဖြစ် ပေးပို့စစ်ဆေးလိုက်တယ် ”ဟုဒေါက်တာ စိုးဝင်းပိုင် က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၁၀)ဦးအထိ ရှိလာပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ