သံတွဲ ကိုဗစ်လူနာဆေးစစ်ချက် နောက်ထပ်တစ်ကြိမ် Positive တွေ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ COVID-19 ပိုးတွေ့ရှိသူ၏ဆေးစစ်ချက်တွင် ပထမအကြိမ် ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်ဆေးစစ်ချက်အဖြေတွင် ပိုးပြန်လည်တွေ့ရှိရကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

By မျိုးမြင့်ဇော် 04 Jun 2020



မျိုးမြင့်ဇော် | DMG
ဇွန် ၄ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ COVID-19 ပိုးတွေ့ရှိသူ၏ဆေးစစ်ချက်တွင် ပထမအကြိမ် ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်ဆေးစစ်ချက်အဖြေတွင် ပိုးပြန်လည်တွေ့ရှိရကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

အဆိုပါလူနာတွင် ပိုးတွေ့ရှိကြောင်း မေလ ၁၈ ရက်နေ့ ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် Quaratine Center မှ ဆေးရုံသီးသန့်ဆောင်သို့ ပြောင်းရွှေ့ထားခဲ့သည်။

ယင်းနောက် မေလ ၃၀ ရက်ကနေ့တွင် ၎င်း၏ ဓာတ်ခွဲနမူနာကိုပေးပို့စစ်ဆေးခဲ့ရာ Negative အဖြေရရှိခဲ့ သော်လည်း ဇွန်လ ၂ ရက်နေ့ ဓာတ်ခွဲနမူနာကို ထပ်မံပေးပို့စစ်ဆေးရာတွင် Positive အဖြေထွက်ရှိခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းဝင်းက ဆိုသည်။

“ပိုးပြန်တွေ့တယ်၊ ဒါမျိုးကဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က Double Negative ဖြစ်မှ Quarantine ထားလို့ရ မှာ။ Double Negative မဖြစ်မချင်းကတော့ စစ်နေရမှာပါပဲ” ဟု ၎င်းကပြောသည်။

၎င်းပိုးတွေ့လူနာအား ပထမအကြိမ်ဆေးစစ်စဉ်က Nagative ပြခဲ့သဖြင့် ဒုတိယအကြိမ် ဆေးစစ်ချက်တွင် လည်း Nagative ပြပါက ဆေးရုံမှဆင်းခွင့်ပြုကာ Home Quarantine (၁၄) ရက်ဝင်စေမည်ဖြစ်သော်လည်း လက်ရှိမှာ ပိုးထပ်မံတွေ့ရှိသဖြင့် ၎င်းကို မူလအဆောင်၌ပင် သီးသန့်ထားရှိထားကြောင်း ဒေါက်တာ ထွန်းထွန်းဝင်းက ဆိုသည်။

လက်ရှိမှာ ပိုးတွေ့လူနာ၏ကျန်းမာရေးအခြေနေမှာ ကောင်းမွန်နေကြောင်းနှင့် နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန် စီစဉ်ပေးထားကြောင်း သံတွဲခရိုင်ဆေးရုံအုပ်က ပြောကြားသည်။

ယခုသံတွဲမြို့ကပိုးတွေ့လူနာမှာ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံမှပြန်လာသူဖြစ်ကာ သံတွဲ မြို့နယ်တွင် အသွားအလာကန့်သတ်ထားပြီး ဆေးစစ်ဆေးစဉ် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ သံတွဲမြို့နယ်တွင် Home Quarantine ဝင်ရောက်နေသူ လူဦးရေတစ်ရာဝန်းကျင်နှင့် Community Quarantine တွင် ကျား/မ ၉၀ ဦးရှိကာ Facility Quarantine တွင် ကျား/မ ၁၁ ဦးရှိကြောင်းသိရပြီး Quarantine ရက် ပြည့်မြောက်ပြီးထွက်သွားသူများလည်းရှိသဖြင့် စာရင်းအတိုးအလျှော့ရှိနိုင်ကြောင်း သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၄ ရက် နံနက် ၇ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ရခိုင် ပြည်နယ်အတွင်းတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးအထိ ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ