ကျောက်ဖြူနှင့် သံတွဲခရိုင်တွင် အသက် ၆၀ အထက် မဲဆန္ဒရှင် ၄၄၀၀၀ ကျော်ကြိုတင်မဲပေးခဲ့

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ၄၄၁၈၉ ဦး ကြိုတင်မဲ ပေးခဲ့ကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ စာရင်းအရသိရသည်။

By မင်းထွန်း 06 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၆ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ၄၄၁၈၉ ဦး ကြိုတင်မဲ ပေးခဲ့ကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ စာရင်းအရသိရသည်။

ယင်းအထဲမှ ကျောက်ဖြူခရိုင်တွင် နိုဝင်ဘာ ၄ ရက်အထိ အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးသူ ၂၁၁၄၇ ဦးနှင့် သံတွဲခရိုင်တွင် နိုဝင်ဘာ ၃ ရက်စာရင်းအရ  ၂၃၀၄၂ ဦးရှိသည့်အတွက် စုစုပေါင်းကြိုတင်မဲပေးခဲ့သူဦးရေ ၄ သောင်း ၄ ထောင်ကျော်ရှိခဲ့ခြင်းဖြစ်သည်။

“ကြိုတင်မဲကောက်တဲ့အခါမှာ မဲပေးချင်တဲ့သူတွေရှိသလို မပေးချင်တဲ့သူတွေလည်းရှိတယ်။ များသောအားဖြင့် ငါးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းလောက်ရှိတယ်။ တချို့လူတွေကလည်း ကြိုတင်မဲမပေးဘူး။ မဲရုံမှာလာပေးမယ် ဆိုတဲ့သူတွေကရှိသေးတယ်” ဟု ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အသက်  ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ လိုက်လံကောက်ယူနေခြင်းဖြစ်သည်။

ကျောက်ဖြူခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၉၂၀၀၀ ကျော်နှင့် မဲရုံ ၃၂၂ ရုံရှိပြီး အဆိုပါခရိုင်ထဲတွင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်တို့ပါဝင်သည်။

ထို့ပြင် သံတွဲခရိုင်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၇၇၈၃၀ ဦးနှင့် မဲရုံ ၃၅၄ ရုံရှိပြီး ယင်းခရိုင်ထဲတွင် သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်မြို့နယ်များအဖြစ် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် ကိုးခုရှိပြီး တခြားမြို့နယ် လေးခုမှ ရပ်ကွက်၊ ကျေးရွာအုပ်စုအများအပြားတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဗီဒီယိုများ