အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည့် သံတွဲနှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံနှစ်ရုံ ပြန်လည်ပတ်

အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည့် သံတွဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံ နှစ်ရုံမှာ ယနေ့(သြဂုတ် ၅ ရက်နေ့)တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

05 Aug 2021

DMG ၊ သြဂုတ် ၅

အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည့် သံတွဲမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အောက်ဆီဂျင်စက်ရုံ နှစ်ရုံမှာ ယနေ့(သြဂုတ် ၅ ရက်နေ့)တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် အောက်ဆီဂျင်စက်ရုံသို့ ရေဝင်ရောက်ကာ အောက်ဆီဂျင်ထုတ်လုပ်မှုကို ရပ်နားထားခဲ့ရသည်။

၎င်းစက်အားပြုပြင်ပြီး ယနေ့တွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသည့် သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG သို့ မိန့်သည်။

“မနေ့က စက်တွေကိုတပ်ပြီးလို့ စက်တွေကိုစမ်းပြီး လည်ပတ်တာတွေလုပ်ခဲ့တယ်။ ဒီနေ့တော့ စပြီး အောက်ဆီဂျင်ဖြည့်တာတွေ စလုပ်နေပြီ။ စောင့်ကြည့်ပြီးတော့ ပုံမှန်အတိုင်းဖြစ်အောင်လည်ပတ်သွားမှာပါ”ဟု ဆရာတော်က မိန့်ဆိုသည်။

လက်ရှိတွင် အဆိုပါအောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များမှာ စောင့်ကြည့်မှုများ လုပ်ဆောင်ပေးနေပြီး ဝန်ထမ်းများကိုစနစ်တကျ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန် သင်ပြပေးသွာမည်ဟု သိရကြောင်းနှင့် အဆိုပါဝန်ထမ်းများမှာလည်း လက်ရှိကာလတွင် ဗော်လန်ဒီယာများဖြစ်ကြောင်း ဆရာတော်က ရှင်းပြသည်။

ပြီးခဲ့သည့် ရေနစ်မြုပ်မှုဖြစ်စဉ်တွင် စက်ရုံ၏ ၂၅ ရာခိုင်နှုန်းခန့်ကို ရေသုံးပေခန့်ဝင်ရောက်ခဲ့ရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံတာဝန်ရှိသူများနှင့် အရက်ဘက်ပရဟိတအဖွဲ့အစည်းများပူးပေါင်းကာ စက်ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ ဇူလိုင် ၂၅ ရက်နေ့က စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင်အလုံးရေ ၈၀ ခန့် ထုတ်လုပ်နိုင်ကြောင်းနှင့် ယခုပြန်လည် လည်ပတ်နိုင်ပါက သံတွဲမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သံတွဲမြို့မှ အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်မည်ဆိုပါက အောက်ဆီဂျင်လိုအပ်ချက် မြင့်မားနေသည့် မိမိတို့ ဂွမြို့နယ်အတွက်လည်း များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ပေးနေသည့် ဂွမြို့နယ် နာရေးကူညီမှုအသင်းမှ ကိုဉာဏ်ထွန်းမင်းဆိုသည်။

“အခုဂွမြို့နယ်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေက မြင့်နေတယ်။ ဒါပေမယ့် အောက်ဆီဂျင်က ဆေးရုံမှာပဲရနိုင်တယ်။နောက်ပြီး ဒီအောက်ဆီဂျင်တွေက ခရိုင်ကချပေးတဲ့ခွဲတမ်းလောက်ပဲရတာ”ဟု ၎င်းကရှင်းပြသည်။

ထို့အတူ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသည့် မြောက်ဦးမြို့မှ အောက်ဆီဂျင်စက်ရုံမှာလည်း သြဂုတ်လ ၃ ရက်နေ့က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုများကိုရပ်နားထားခဲ့ရသဖြင့် လူနာများအတွက် လိုအပ်သည့်အောက်ဆီဂျင်ကို စစ်တွေမှ အကူအညီတောင်းခဲ့ရသည်။

လက်ရှိမှာ လျှပ်စစ်မီးပြန်လည်ရရှိကာ မြောက်ဦးမှ အောက်ဆီဂျင်စက်ရုံမှာ ပြန်လည်ပတ်နေပြီဖြစ်ကြောင်း နန်းရိပ်ဂရုဏာအောက်ဆီဂျင်အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းက ဆိုသည်။

“EPC မီးက ခြောက်နာရီလောက်ကတည်းက ပျက်သွားတာ။ ဒီမှာရှိတဲ့ မီးစက်တွေကလည်းမီးအားမမှီဘူး။ မီးအားမမှီတော့ ဘရိတ်ကာတွေပါလောင်သွားခဲ့တယ်။ ဘရတ်ကာက ဒီမှာမရှိလို့ စစ်တွေကိုလှမ်းမှာရတယ်။ စက်ရလာပြန်တော့လည်း အောက်ဆီဂျင်စက်က အလုပ်မလုပ်တာကြောင့် မရမကလုပ်ပြီး ဒီနေ့မှ အဆင်ပြေသွားတာ”ဟု ၎င်းကဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်အလုံးရေ ၁၅၀ ခန့်သာ ထုတ်လုပ်နိုင်သေးသောကြောင့် လုံလောက်မှုမရှိသည့်အတွက် ပြည်မကိုသာ အားကိုးနေရသေးကြောင်း ရခိုင်ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇူလိုင် ၃၁ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

COVID -19 တတိယလှိုင်းဖြစ်ပွားလာပြီးနောက်တွင် ရခိုင်ပြည်နယ်၌ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံများကို မြို့နယ်တိုင်းတွင်ထူထောင်ရန် ကြိုးပမ်းလာနေကြသည်။

ဗီဒီယိုများ