သံတွဲတွင် အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန် မြေနှင့် အဆောက်အဦးအလှူရှင်ရရှိထားပြီဖြစ်သော်လည်း စက်ဝယ်ယူရန် ငွေကြေးလိုအပ်နေသေး

သံတွဲမြို့နယ်အတွင်း အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေမှုတွင် မြေနေရာနှင့် အဆောက်အဦးအလှူရှင်များ ရရှိထားပြီဖြစ်သော်လည်း စက်ဝယ်ယူရေးအတွက် အလှူရှင်များလိုအပ်နေသေးကြောင်း ဦးဆောင်လုပ်ကိုင်နေသူများထံမှ သိရသည်။

14 Jul 2021

DMG ၊ ဇူလိုင် ၁၄

သံတွဲမြို့နယ်အတွင်း အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေမှုတွင် မြေနေရာနှင့် အဆောက်အဦးအလှူရှင်များ ရရှိထားပြီဖြစ်သော်လည်း စက်ဝယ်ယူရေးအတွက် အလှူရှင်များလိုအပ်နေသေးကြောင်း ဦးဆောင်လုပ်ကိုင်နေသူများထံမှ သိရသည်။

သံတွဲခရိုင်ဆေးရုံအတွင်း ယခင်ကတည်းက အောက်ဆီဂျင်လုံလောက်မှုမရှိသည့်အတွက် အသက်ဆုံးရှုံးခဲ့ရသည့်လူနာများရှိသလို ယခုကိုဗစ်ကာလတွင်လည်း အောက်ဆီဂျင်မှာယူရာ၌ အခက်အခဲများရှိနေပြီး ရေရှည်ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကို အကောင်အထည်ဖော်နေရခြင်းဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေးအတွက် ဦးစီးဦးဆောင်ပြုနေသည့် ဆရာတော် ဦးတေဇိန္ဒက မိန့်သည်။

အောက်ဆီဂျင်ထုတ်စက်ဝယ်ယူရန်အတွက် ခန့်မှန်းကုန်ကျငွေ သိန်း ၁၅၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် စက်ဝယ်ယူရေးအတွက် အလှူငွေသိန်းခြောက်ရာခန့် ရရှိထားသည်ဟု ဆရာတော်ကမိန့်သည်။

"အလှူငွေကတော့ သိန်း ၆၀၀ နီးပါး ရထားပြီးပါပြီ။ မြေနေရာကိုလဲ ရွှေနန်းဝတီကုမ္ပဏီက လှူဒါန်းထားပြီးပြီ။ အဆောက်အဦးအလှူရှင်လဲရှိပြီးပြီ။ လိုအပ်နေတာကတော့ စက်ဝယ်ယူရေးအတွက် ငွေကြေးအလှူရှင်တချို့လိုအပ်နေသေးတယ်။ ဝယ်ယူဖို့ အတွက် စက်တွေကိုကြည့်ပြီးလေ့လာနေတာရှိတယ်။ မကြာခင်မှာအကောင်အထည်ဖော်နိုင်ဖို့လုပ်နေတယ်" ဟု မိန့်သည်။

လတ်တလောလိုအပ်နေသည့် အောက်ဆီဂျင်များအတွက် လက်ရှိရရှိထားသော အလှူငွေများနှင့် ဝယ်ယူဖြေရှင်းပေးရန် တောင်းဆိုသူများရှိသော်လည်း ရေရှည်အတွက်အဆင်မပြေနိုင်ကြောင်း သံတွဲမြို့နယ်ကိုဗစ်ကာကွယ်ရေးတွင် ဝင်ရောက်ကူညီပေးနေသည့် ကိုသက်လွင်ဖြိုးကဆိုသည်။

"လူတွေရဲ့သဘောထားက လက်နက်စက်ရုံဆောက်မဲ့အစား လက်နက်ဝယ်ယူသုံးစွဲတာကိုဘဲ သဘောကျကြတယ်။ ဆိုတော့ အခု ဒီစက်ရုံကရေရှည်အတွက်ကို သွားမှာဖြစ်တယ်။ တစ်ဖက်က လတ်တလောလိုနေတာကို ကျနော်တို့အနေနဲ့လည်း ဖြည့်ပေးနေတယ်ဆိုတော့ ငွေကြေးအများတတ်နိုင်သူက စက်ရုံ ဆောက်ဖို့အတွက်လှူဒါန်းမှုပြုနိုင်သလို ငွေကြေးအနည်းလှူဒါန်းနိုင်သူတွေက လတ်တလောအောက်ဆီဂျင် ဝယ်ယူရေးအတွက် အသုံးနေသူတွေကို ချိတ်ဆက်လှူဒါန်းဖို့လိုတယ်။ ရေရှည်ကတော့ ဝယ်သုံးရမှာအဆင်မပြေဘူး။ ဒီစက်ရုံပြီးရင် ကျနော်တို့ မြို့အတွက် အောက်ဆီဂျင်ကိစ္စ လုံးဝအဆင်ပြေမယ်လို့ ပြောချင်တယ်" ဟု ၎င်းကဆိုသည်။

လက်ရှိ သံတွဲမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော် အထဲတွင် အောက်ဆီဂျင်ပေးကုသနေရသူ ၆ ဦးရှိပြီး အောက်ဆီဂျင် ၄၀ အိုးတစ်လုံးကို ငွေကျပ်သုံးသိန်းခန့်နှင့် ဝယ်ယူ အသုံးပြုနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူူ ၉၉၆ ဦးရှိပြီး သေဆုံးသူ ၁၇ ဦးအထိရှိလာကာ ယင်းသေဆုံးသူများထဲတွင် သံတွဲမြို့နယ်မှ ၆ ဦးပါဝင်ကြောင်း သိရသည်။

ဗီဒီယိုများ