သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

04 Nov 2021

DMG ၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ယင်းသို့ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးမှာ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့ပေါ်မှ မတင်စန္ဒာဝင်း(၂၅)နှစ်နှင့် သံတွဲမြို့ပေါ်မှ မသိမ့်အေးချမ်း(၁၇)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ကာ စစ်တပ်အရာရှိတစ်ဦးကတရားလိုပြုလုပ်ပြီး သံတွဲရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည) ဖြင့်ဒအမှုဖွင့်ထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

"သူတို့ကို ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ သူတို့က PDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီးသတင်းပေးလို့ အခုလိုဖမ်းဆီးပြီး အမှုဖွင့်ထားတာဖြစ်တယ်"ဟု ၎င်းရဲအရာရှိကပြောသည်။

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မငြိမ်းအိဖြူကျော်၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းပြောသည်။

လက်ရှိဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃ ဦးထဲမှ မသိမ့်အေးချမ်း(၁၇)နှစ်မှာ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူလည်း ဖြစ်သည်။

PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ရခိုင်ပြည်နယ်အတွင်းက ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၆ ဦးအထိရှိလာနေပြီဖြစ်သည်။ ယင်းအထဲတွင် မြောက်ဦးမြို့နယ်မှ တစ်ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ ဖြစ်ကြသည်။

ဗီဒီယိုများ