ကျိုက်ထိုတွင် CDM ပြုလုပ်ထားသည့်ပညာရေးဝန်ထမ်းများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီညွှန်ကြား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီမှ ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)တွင်ညွှန်ကြားသည့်စာထွက်ပေါ်လာကြောင်း သိရသည်။

13 Jan 2022

စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့်အပေါ် အ.ထ.က ကျိုက်ထိုရှိဆရာ၊ဆရာမများ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့စဉ်

DMG ၊ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီမှ ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)တွင်ညွှန်ကြားသည့်စာထွက်ပေါ်လာကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများမှာ နာမည်ထွက်ပေါ်လာသူ ၁၃ ဦးကို စစ်ကောင်စီလက်အောက်ခံအဖွဲ့က အင်အားသုံးဖမ်းဆီးရန်ညွှန်ကြားစာတစောင်ထွက်ပေါ်လာမှုကြောင့် CDM ပညာရေးဝန်ထမ်းများရှောင်ရှားကြရန် အချင်းချင်းသတိပေးပြောဆိုထားကြောင်း ကျိုက်ထို CDM ပညာရေးဝန်ထမ်းလှုပ်ရှားသူတစ်ဦးမှ DMG ကိုပြောသည်။

"ကျိုက်ထိုမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေထဲက နာမည်ထွက်နေတဲ့(၁၃)ဦးကိုဖမ်းဆီးဖို့အတွက် စစ်ကောင်စီမှညွှန်ကြားစာတစ်စောင်ထွက်ပေါ်လာတယ်။ အဲဒါကြောင့် အချင်းချင်းသတိပေးတာတွေတော့ရှိပါတယ်။ နာမည်မပါတဲ့သူတွေကိုလဲ သတိထားပြီးနေဖို့ရှောင်သင့်ရင်ရှောင်ကြဖို့ပေါ့။ အဲတာတွေလဲ ထပ်ပြီးအသိပေးထားပါတယ်"ဟု ၎င်းမှပြောသည်။

ကျိုက်ထိုမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းဦးရေ ၁၀၀ ကျော်ရှိနေပြီး အများစုမှာ မြို့နယ်နှင့်နီးစပ်သည့် ကော့စံနိုင်ရပ်ကွက်၊ တောင်သူစုရပ်ကွက်နှင့် မြို့တွင်းရှိအခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းတို့မှဖြစ်ကာ မွန်ပြည်နယ်တွင် CDM ပညာရေးပြုလုပ်မှု အနည်းဆုံးမြို့နယ်တစ်ခုလည်းဖြစ်သည်။

CDM ပညာရေးဝန်ထမ်းများကို စစ်ကောင်စီမှဖမ်းဆီးရန်ညွှန်ကြားထားသည်မှာ အဓိကအားဖြင့် လက်ရှိခန့်အပ်ထားသည့်ဆရာ၊ဆရာမများမှာ စာသင်ကြားမှုအတွေ့အကြုံမရှိသည့်အပြင် ဆွဲခန့်သဘောဖြစ်နေသည့်အတွက် ပညာရေးဝန်ထမ်းများအပေါ်တမင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းသာဖြစ်နေကြောင်း CDM ပညာရေးလှုပ်ရှားသည့် ကျောင်းဆရာတစ်ဦးမှဆိုသည်။

"စစ်ကောင်စီက အာဏာစသိမ်းခါစကနေအခုအထိ ပညာရေးဝန်ထမ်းတွေမခန့်နိုင်သေးဘူး။ ခန့်ထားတဲ့သူတွေကလဲ တစ်ယောက်မှအတွေ့အကြုံမရှိဘူး။ တချို့ဆိုရင် စာသင်ဖို့ထက် ကျူရှင်သင်ဖို့ကိုပိုအားသန်နေကြတယ်။ စာသင်ကြားမှုကလဲ တော်တော်ကိုညံ့ပါတယ်။ အဲဒါကလည်း ပညာရေးမှာ စစ်ကောင်စီကလုံးဝကျရှုံးနေပြီဆိုတာပြနေတာ။ ကျောင်းတွေလည်းသေချာဖွင့်လာနိုင်တာလဲမရှိဘူး။ အဲဒါတွေကြောင့် စစ်ကောင်စီက တမင်တကာကိုအကြပ်ကိုင်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလိုထပ်မံဖမ်းဆီးဖို့လုပ်ဆောင်တာဖြစ်ပါတယ်"ဟု ၎င်းမှဆိုသည်။

လက်ရှိအချိန်အထိ ကျိုက်ထိုမြို့နယ်အနီးအနားကျေးရွာတို့တွင် CDM ပြုလုပ်ထားသည့်ပညာရေးဝန်ထမ်းများမှ အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ ခိုလုံတိမ်းရှောင်နေရကြောင်း သိရသည်။

ဗီဒီယိုများ