တပ်မတော်မှ မသင်္ကာ၍ စစ်ဆေးခံနေရသည့် ကျောင်းဆရာတစ်ဦး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရ

တပ်မတော်မှမသင်္ကာ၍ ခေါ်ယူစစ်ဆေးရာတွင် ကျောင်းဆရာနေဇော်လင်း ကိုင်ဆောင်သည့်ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏လှုပ်ရှားသွားလာမှုအား AA တပ်ဖွဲ့ဝင်များထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့်စာများအားတွေ့ရှိကြောင်း တပ်မတော်မှထုတ်ပြန်ထားသည်။

08 Aug 2019

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချလူးအောင် | DMG

သြဂုတ် ၈ ၊ မောင်တော

ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာ နေဇော်လင်း အသက် ၂၇ နှစ်အား သြဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ မသင်္ကာ၍ ခေါ်ယူစစ်ဆေးခဲ့သည်။

တပ်မတော်မှမသင်္ကာ၍ ခေါ်ယူစစ်ဆေးရာတွင် ကျောင်းဆရာနေဇော်လင်း ကိုင်ဆောင်သည့်ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏လှုပ်ရှားသွားလာမှုအား AA တပ်ဖွဲ့ဝင်များထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့်စာများအားတွေ့ရှိကြောင်း တပ်မတော်မှထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးခံနေရသည့်ကျောင်းဆရာအား သြဂုတ်လ ၆ ရက်နေ့တွင် တပ်မတော်မှ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်နယ်မြေရဲစခန်းသို့လွဲပြောင်းပေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မိသားစုဝင်များမှပြောသည်။

ကျောင်းဆရာ နေဇော်လင်းအားစွဲဆိုထားသည့်အမှုဖြင့် သြဂုတ်လ ၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တရားရုံး၌ ချုပ်ရမန်ရယူခဲ့ပြီး ၎င်းဖမ်းဆီးခံရသည့်နေ့မှစ၍ မသားစုဝင်များ၊ သက်ဆိုင်ရာ ပညာရေးဌာန တာဝန်ရှိသူတို့နှင့် တွေ့ဆုံခွင့်မရရှိသေးကြောင်း သိရသည်။

“နခခ(၃)ကိုသွားတွေ့ပေမယ့် ကျနော်တို့မိဘတွေကို တွေ့ခွင့်မပေးသလို ပညာရေးမှူးတို့နဲ့လဲ့ တွေ့ခွင့်မရခဲ့ပါ။ ၇ ရက်နေ့မနက်ပိုင်းမှာ တရားရုံးကိုခေါ်လာပြီး ရမန်ရယူတဲ့အချိန်မှာလည်း ရမန်ရယူတဲ့အချိန်ဖြစ်တဲ့အတွက်တွေ့ခွင့်မရဘူးလို့ပြောပါတယ်” ဟု ကျောင်းဆရာနေဇော်လင်း၏ဖခင် ဦးကျော်သန်းက ပြောသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းဆရာနေဇော်လင်းအား ဘူးသီးတောင်မြို့နယ်တရားရုံးမှ လာမည့်သြဂုတ်လ ၂၀ ရက်နေ့အထိ ချုပ်ရမန် ၁၄ ရက်ရယူပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ခံထားရသည့် မူလတန်းပြကျောင်းဆရာ နေဇော်လင်းသည် ရသေ့တောင်မြို့နယ် မညှင်းတောင်ကျေးရွာမှဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည်။

ဗီဒီယိုများ