မြောက်ဦးမြို့ရှိ သာသနာလင်္ကာရ စာသင်တိုက်တွင် ဆယ်ကျော်သက်အရွယ် ကိုရင် ၃ ပါး ကိုဗစ်ပိုးတွေ့

ရခိုင်ပြည် မြောက်ဦးမြို့ သာသနာလင်္ကာရ စာသင်တိုက်တွင် ၉ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၁၂ နှစ်အရွယ် ကိုရင်နှစ်ပါး စုစုပေါင်း ကိုရင်သုံးပါးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ကြောင်း သိရသည်။

23 Jul 2021

စာသင်တိုက်အား လော့ဒေါင်းပြုလုပ်ထားခြင်းနှင့် ပိုးမတွေ့ခင် ဆွမ်းခံကြွခြင်းကိုတွေ့ရစဉ်။ ဓါတ်ပုံ - ခိုင်မင်းသျှင်

DMG  ၊ ဇူလိုင် ၂၃

ရခိုင်ပြည် မြောက်ဦးမြို့ သာသနာလင်္ကာရ စာသင်တိုက်တွင် ၉ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၁၂ နှစ်အရွယ် ကိုရင်နှစ်ပါး စုစုပေါင်း ကိုရင်သုံးပါးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သာသနာလင်္ကာရကျောင်းတိုက်တွင် စာချကိုယ်တော်တပါးမှာ နေမကောင်းဖြစ်သည့်အတွက် ကိုဗစ်စစ်ဆေးမှုများပြုလုပ်ရာ ယင်းကိုယ်တော်တွင်မတွေ့ဘဲ တခြားနီးကပ်သည့် ကိုယ်တော်များကို စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ခြင်းဖြစ်ကြောင်း သာသနာလင်္ကာရ ကျောင်းတိုက်ဆရာတော် ကေသရက မိန့်သည်။

“မနေ့က ကျန်းမာရေးဌာနက လာပြီးတော့ စစ်ဆေးတယ်။ ပထမဆုံးကတော့ စာချကိုယ်တော်တပါး နည်းနည်း မကျန်းမမာဖြစ်တယ်။ ဆိုတော့ စာချကိုယ်တော်ကို ပိုးရှိမရှိ စစ်ဆေးတော့ အဲဒီကိုယ်တော်မှာ မရှိဘူး။ နောက်ထပ် အဲဒီကိုရင်နဲ့ အနီးကပ်ဆုံးကိုယ်တော်တွေကို စစ်ကြည့်တော့ သုံးပါးက ပိုးတွေ့တယ်။” ဟု မိန့်သည်။

သို့သော်လည်း ပိုးတွေ့ကိုယ်တော်များမှာ ဖျားနာခြင်းမရှိဘဲ ကျန်းမာရေးအခြေအနေ လုံးဝကောင်းမွန်သည့်အတွက် ဆေးခန်းသို့မပို့ဘဲ ကျောင်းတွင် သီးခြားထားရန်  ကျန်းမာရေးဌာနက ညွှန်ကြားသည့်အတွက် ကျောင်းတွင် သီးခြားထားရှိကြောင်း ဆရာတော်ကေသရ က မိန့်သည်။

လက်ရှိ မြောက်ဦးမြို့တွင် ကိုဗစ်နှင့်ပတ်သတ်ပြီး လုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းမှ ဦးအောင်သန်းထွန်းက “ ဘုန်းတော်ကြီးကျောင်းမှာပဲ ထားတယ်၊ ကိုရင်တွေကို ကျောင်းဆောင်အလွတ် သတ်သတ်ထားခိုင်းတယ်ပေါ့နော်၊ ဘာလိုလဲဆိုတော့ ဆေးရုံးရောက်သွားရင်လည် သင်္ခါနဲ့ဆိုတော့ မသင့်တော်ဘူးလေ၊ ရောလုံးချက်တင်ဆိုတော့ အဲဒါကြောင့် ကျောင်းမှာ ထားတယ်။ ” ဟု ဆိုသည်။

ပိုးတွေ့သည့်အတွက် ယင်းကျောင်းတိုက်အား ယင်းနေ့တွင်ပင် ကျောင်းအား lockdown လုပ်ထားလိုက်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ယခုကဲ့သို့ ကျောင်းအား lockdown လုပ်လိုက်သည့်အတွက် ရေရှည်မှာ ဆွမ်းသုံးဆောင်ရေး အဆင်မပြေမှုများ ရှိလာနိုင်သည့်အတွက် တတ်နိုင်သည့်ဖက်က ကူညီပေးကြရန် ဦးအောင်သန်းထွန်းက အကူအညီတောင်းခံသည်။

“ကျောင်းကို အဝင်အထွက် ပိတ်လိုက်တယ်၊ ကန့်သတ်နယ်မြေလုပ်လိုက်တယ်ဆိုတော့ အပြင်ကိုထွက်ပြီး ဆွမ်းခံထွက်ဖို့က အခက်အခဲဖြစ်သွားတယ်။ သွားလို့မရတော့ဘူးပေါ့၊ အဲဒါကြောင့် ဆွမ်းကလည်း နည်းနည်းခက်ခဲလာနိုင်တယ်။ အဲတော့ ပြည်သူလူထုသိအောင် ကျနော်တို့ဖက်က လူငယ်တွေနဲ့တော့ သတင်းတွေဖြန့်ပေးနေပါတယ်။ ” ဟုဆိုသည်။

အဆိုပါ သာသနာလင်္ကာရကျောင်းတိုက်တွင် သံဃာအပါး  ၉၀ နီးပါးရှိပြီး လော့ဒေါင်းမလုပ်ခင်က နေ့စဉ် ဆွမ်းခံကြွခဲ့သော်လည်း လက်ရှိတွင် ဆွမ်းခံကြွရန် အဆင်မပြေသောကြောင့် ယင်းသံဃာများအတွက် မြောက်ဦးမြို့က ပရဟိတလူငယ်တစ်ဦးဖြစ်သူ ကိုခိုင်မင်းသျှင်မှ သူ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဆွမ်းအတွက် လှူဒါန်းရန် နှိုးဆော်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အာရုံဆွမ်းတစ်နပ်ကို ငွေကျပ်ငါးသောင်းနှင့် မွန်းတည့်ဆွမ်းတစ်နပ်ကို တစ်သိန်းကျပ် ဖြစ်ပြီး တတ်နိုင်သလောက်လည်း လှူဒါန်းနိုင်ကြောင်း ကိုခိုင်မင်းသျှင်က ဖော်ပြထားသည်။
မြောက်ဦးမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့အထိ ကိုဗစ်လူနာ ၅၀ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင်လ ၂၂ ရက်နေ့စာရင်းအရ ယခု ကိုဗစ်တတိယလိုင်းတွင် ၁၉၂၈ ဦးရှိကြောင်း၊ သေဆုံးသူ ၈၃ ဦးအထိရှိကြောင်း၊ ဆေးရုံဆင်း ၇၉၀ ရှိကြောင်းနှင့် ကုသဆဲကိုဗစ်လူနာ ၁၀၅၅ ဦးရှိကြောင်း သိရသည်။

ဗီဒီယိုများ