ရခိုင်တွင် လေလံစနစ်အား ဖျက်သိမ်းပေးရန် တောင်းဆိုသွားမည်

“ဟင်းရောင်းနေတဲ့သူတစ်ယောက်ကို ဈေးမှာချရောင်းခ ဗန်းငယ်တစ်ခုကိုလည်း တစ်ထောင် အဲ့လိုမျိုး သူတို့ကြိုက်သလို အခွန်ကောက်ယူနေကြတယ်။ ကိုယ့်ယာခင်းက ထွက်တဲ့ ဟင်းသီးဟင်းရွက်ကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ရှိရမယ်။ ကိုယ်ရှာလို့ရတဲ့ အသား၊ ငါးတွေကိုလည်း လွတ်လပ်စွာ ရောင်းခွင့်ရှိရမယ်”

By အောင်ထိန် 07 Sep 2019

အောင်ထိန် | DMG

စက်တင်ဘာ ၇ ၊ စစ်တွေ

လေလံလုပ်ငန်းများကြောင့် ပြည်သူများနစ်နာမှုရှိနေသဖြင့် ရခိုင်ပြည်နယ်တွင် လေလံစနစ်အား ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကျင့်သုံးနေသော လေလံစနစ်သည် ပြည်သူများ မတရားအခွန်ထမ်းဆောင်နေရခြင်း၊ ကုန်ဈေးနှုန်းများမှာလည်း အဆမတန် မြင့်မားလာခြင်းတို့ကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုရှိနေကြောင်း ကျောက်တော်မြို့နယ် လေလံလုပ်ငန်းဖျက်သိမ်းရေး လှုပ်ရှားမှုကော်မတီမှ ကိုဇော်ဝင်းက ဆိုသည်။

“ရွာတစ်ရွာ ဈေးတစ်ဈေးကအကောက်ခွန်ဟာ အဲ့ဒီရွာအတွက် ဘာတစ်ခုမှအကျိုးစီးပွား မကျန်ခဲ့ဘူး။ အဲလိုမျိုးစနစ်ကို ကျွန်တော်တို့က လက်မခံချင်ဘူး။ ဒီစနစ်လည်း မရှိအပ်ဘူးလို့ထင်တယ် ” ဟု ကိုဇော်ဝင်းက ပြောသည်။

မြို့နယ်စည်ပင်မှ ရောင်းချမည့် ဝက်၊ ဆိတ်၊ ကျွဲ၊ နွား စသည့် သားသတ်လေလံလုပ်ငန်းများအား (လုံးဝ) လုံးဝ ဝယ်ယူခြင်းမပြုကြရန်လည်း ကျောက်တော်မြို့နယ် လေလံလုပ်ငန်းဖျက်သိမ်းရေး လှုပ်ရှားမှုကော်မတီက သတိပေးနှိုးဆော်ထားသည်။

ထို့ပြင် လေလံလုပ်ငန်းများ အပြီးသတ်ပပျောက်စေရန် ကျောက်တော်မြို့ပေါ် ရပ်ကွက်တစ်ခုစီတွင် လေလံနှင့် လုံးဝမသက်ဆိုင်သော သားသတ်ခုံ(၁)ခုထက်အပိုထားရှိပြီး အများပြည်သူစားသုံးနိုင်ရန် ချိုသာသော ဈေးနှုန်းဖြင့်ရောင်းချနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဟင်းရောင်းနေတဲ့သူတစ်ယောက်ကို ဈေးမှာချရောင်းခ ဗန်းငယ်တစ်ခုကိုလည်း တစ်ထောင် အဲ့လိုမျိုး သူတို့ကြိုက်သလို အခွန်ကောက်ယူနေကြတယ်။ ကိုယ့်ယာခင်းက ထွက်တဲ့ ဟင်းသီးဟင်းရွက်ကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ရှိရမယ်။ ကိုယ်ရှာလို့ရတဲ့ အသား၊ ငါးတွေကိုလည်း လွတ်လပ်စွာ ရောင်းခွင့်ရှိရမယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

ကျောက်တော်မြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလက်မှတ် ရေးထိုးပြီး ပြည်သူများ လွတ်လပ်စွာ ဈေးရောင်းချနိုင်ရေးအတွက် လေလံလုပ်ငန်းများ ဖျက်သိမ်းပေးရန် ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံတင်စနစ်သည် အရင်းရှင်စနစ်ဖြစ်သဖြင့် လေလံဖျက်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော်မှုအပါအဝင် အခြားထိရောက်သည့် တောင်းဆိုမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ် လေလံလုပ်ငန်း ဖျက်သိမ်းရေးလှုပ်ရှားမှုကော်မတီမှ သိရသည်။

ဗီဒီယိုများ