ရခိုင်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံရသူ ၃၆၀ ကျော်ရှိ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာ ကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြု၏ စာရင်းများအရ သိရသည်။

By အောင်ထိန် 08 Jan 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ လူငယ်များအား တရားရုံးထုတ်တစ်ခုတွင် တွေ့ရစဉ်။

အောင်ထိန် | DMG
ဇန်နဝါရီ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာ ကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြု၏ စာရင်းများအရ သိရသည်။

ထိုသို့ တရားစွဲခံရသူများမှာ မြောက်ဦးခရိုင်တွင် ၇၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၇ ဦးနှင့် မောင်တောခရိုင်တွင် ၆ ဦး၊ စစ်တွေခရိုင်တွင် ၂၁၈ ဦးအပြင် သံတွဲခရိုင်တွင် ၁၂ ဦးတို့ ဖြစ်ကြသည်။

ယင်းအထဲတွင် စွဲချက်မတင်မီနှင့် အပြီးသတ်အမိန့်တို့ဖြင့် ပြန်လည်လွတ်မြောက်သွားသူ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်တွင် ၅ ဦး စုစုပေါင်း ၇၈ ဦးရှိခဲ့သည်။

ပြန်လည်လွတ်မြောက်သွားသူများသည် အမှုမှန်မပေါ်ပေါက်သည့်အတွက် စွဲချက်မတင်မီအဆင့်တွင် လွတ်မြောက်လာခြင်းဖြစ်ပြီး ထိုသို့ စွပ်စဲခံရသူများနှင့် ၎င်းတို့မိသားစုဝင်များမှာ ကာလရှည်ကြာ တရားရင်ဆိုင်ခဲ့ရသဖြင့် အခက်အခဲများအပြင် နစ်နာမှုများဖြစ်ရသည်။

ဖမ်းဆီးခံရသူအများစုမှာ မိသားစုရှိသည့် လူများဖြစ်ကြပြီး ယင်းသို့ ဖမ်းဆီးခံရသောကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအပြင် စီးပွားရေးအရပါ ထိခိုက်နစ်နာမှုများဖြစ်သွားသဖြင့် နစ်နာမှုဆိုသည့်အရာကို တိုင်းတာရခက်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ ဦးငြိမ်းချမ်းက ပြောသည်။

“လူတစ်ယောက်က ဖမ်းဆီးခံ ရတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာရော တော်တော်လည်း ထိခိုက်သလို စီးပွားရေးအရလည်း ထိခိုက်သွားတယ်။ ဖမ်းဆီးခံရသူ တော်တော်များများက အိမ်ထောင်ရှိတဲ့ သူတွေ သားသမီးတွေရှိကြတယ်။ သူတို့ရဲ့ ထိခိုက်နစ်နာမှုက စီးပွားရေးအရရော၊ ကိုယ်ရော စိတ်ရောပါတဲ့ အတွက် ပြောစရာစကားလုံးတောင် ရှာမတွေ့ဘူးလို့ ပြောလို့ရတယ်” ဟု ဦးငြိမ်းချမ်းက ပြောသည်။

ယင်းအပြင် ဖမ်းဆီးခံရသူများသည် တရားစွဲဆိုမှုများမပြုလုပ်မီ မိသားစုဝင်များနှင့် တွေ့ခွင့်မရခြင်း၊ ရှေ့နေများနှင့် တွေ့ခွင့်မရဘဲ ဥပဒေအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း ၎င်းက ဆက်လက်၍ ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၀ (ဈ)၊ ၅၄ ၊ ၁၉၄၉ လက်နက်ရေးပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁ (က) တို့ဖြင့် တရားစွဲဆိုခံထားရသည့်  မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၄ ဦး တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် (၂) နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ ကိုဦးလှမောင် (၂၄) နှစ်၏ မိခင်ဖြစ်သူ ဒေါ်စံသာနုက “ သားဆီကို ထောင်ဝင်စာပေးဖို့ သွားရင်လည်း တစ်ခေါက်မှာ ပိုက်ဆံတစ်သိန်းလောက်မှ လုံလောက်တယ်။ အခုက အလုပ်အကိုင်လည်းမရှိဆိုတော့ ဟိုတစ်ချိန်က လုပ်ကိုင်ပြီးစုထားတဲ့ ရွှေတွေ၊ ငွေတွေကို ရောင်းချပြီး တရားရင်ဆိုင်နေရတယ်။ အခု အဲဒါတွေလည်းကုန်တော့ ဟိုလူဆီကချေး ဒီလူဆီကချေးပြီး ရုံးချိန်းတွေသွားနေရတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ လက္ကာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုအကြောင်းကြောင့် လက္ကာကျေးရွာသား ၂၄ ဦးကို အေအေ တပ်ဖွဲ့ဝင်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မူလဖမ်းဆီးသည့်အချိန်တွင် လက္ကာကျေးရွာသား ၂၇ ဦးပါဝင်ပြီး တပ်မတော်စစ်ကြောရေးကာလမှာ ၃ ဦးသေ ဆုံးသွားခဲ့သည်။

စစ်ပွဲ၏နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကြောင့် ဒေသခံပြည်သူများမှာ အသက်အိုးအိမ်စည်းစိမ် အများဆုံး အကာအကွယ်မဲ့ဘဝသို့ ရောက်သွားခဲ့ကြရသည်။

နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာခဲ့သည့်ကာလအတွင်း တပ်မတော်က သံသယရှိသူများကို ခေါ်ယူစစ်ဆေးမှုများရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲအလွန်မှစ၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုများကြောင့် တိုက်ပွဲများရပ်တန့်နေသည်မှာ နှစ်လကျော်အထိရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရပ်တန့်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများအကြား အကြောင်းမဲ့ မတရားဖမ်းဆီးခံထားရသည့် အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးရန် ပြည်သူလူထုတစ်ရပ်လုံးက တောင်းဆိုလျက်ရှိနေကြသည်။

ဗီဒီယိုများ