မောင်တောမြို့နယ်တွင် မသင်္ကာဖွယ်ရာ မွတ်ဆလင်တစ်ဦးဖမ်းဆီးရမိ

မောင်တောမြို့နယ် မြောက်ပိုင်း၊ နံသာတောင်ကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ မွတ်ဆလင်တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သင်္ဘောလှကျေးရွာအုပ်ချုပ်ရေး မှူး ဦးမောင်စိန်ထွန်းက ပြောသည်။

27 Sep 2019

ချလူးအောင် | DMG

စက်တင်ဘာ ၂၇၊ စစ်တွေ

မောင်တောမြို့နယ် မြောက်ပိုင်း၊ နံသာတောင်ကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ မွတ်ဆလင်တစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သင်္ဘောလှကျေးရွာအုပ်ချုပ်ရေး မှူး ဦးမောင်စိန်ထွန်းက ပြောသည်။

သင်္ဘောလှကျေးရွာသားများနှင့် သာယာကုန်းကျေးရွာသားများသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က ဂဏန်း၊ငါးရှာရန်သွားကြစဉ် မွတ်ဆလင်(၁၄)ဦးခန့်ကို တွေ့မြင်ရသောကြောင့် ကြောက်လန့်ပြီးထွက်ပြေးကာ နယ်ခြားစောင့်စခန်းကို အကြောင်းကြားလိုက်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီး ရှာဖွေသောအခါ မွတ်ဆလင်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းသည်။

“နယ်ခြားစောင့်က နယ်မြေရှင်းလင်းရေးလုပ်ပြီး ရှာဖွေမှုပြုလုပ်တော့ ကျောပိုးအိပ် (၇)လုံးနဲ့အတူ ဘင်္ဂလီတစ်ဦး ဖမ်းမိခဲ့တယ်။ နောက်လူတွေကို မတွေ့တော့ဘူး” ဟု ဦးမောင်စိန်ထွန်းက ပြောသည်။

ဖမ်းဆီးရမိသည့် မွတ်ဆလင်ကို စစ်ဆေးချက်အရ ၎င်းသည် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားခဲ့ပြီး ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ညနေ (၈)နာရီတွင် သူအပါအဝင် (၁၀)ဦးခန့် မိုင်တိုင်အမှတ် (၃၄)နှင့် (၃၅)ကြားခြံစည်းရိုးကိုဖြတ်ကျော်ပြီး လက်ဖွဲ့ကျကျေးရွာအနီး တောင်ကုန်းပေါ်တွင် နေထိုင်ခဲ့ကြောင်း ထွက်ဆိုသည်ဟု အုပ်ချုပ်ရေးမှူး ဦးမောင်စိန် ထွန်းက ပြောသည်။

ဖမ်းဆီးရမိသူမှာ အသက် (၂၁)နှစ်အရွယ် ယူသုပ်(ဘ)ချိုတူအာလောင် ဆိုသူဖြစ်ပြီး အဝတ်အစားနှင့် အစားအသောက်များထည့်ထားသည့် ကျောပိုးအိပ် (၇)လုံး၊ အရိုး (၈)လက်မ အသွား (၃)ပေ (၄)လက်မခန့်ရှိ ဓားတစ်ချောင်း၊ အရိုး ၁၀ လက်မ၊ အသွား ၁ ပေခန့်ရှိ ဓားတစ်ချောင်းနှင့် ဘင်္ဂလာဆင်းကဒ်သုံး ဖုန်းတစ်လုံး၊ တံဆိပ်မပါသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဆောင်း ဦးထုပ်တစ်လုံးတို့နှင့် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးထံက သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသကို ARSA အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များသေဆုံးသွားသည်။ ထို့ကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ တွင် မွတ်ဆလင် (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအဖွဲ့ အစည်းများက ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်သမား ၃၅၀၀ ခန့် ခိုလှုံနေကြောင်း  DW သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရေးသားခဲ့သည်။

ဗီဒီယိုများ