အမ်းမြို့နယ်၊ ဆယ်ရှဉ်လုပ်ကျေးရွာမှ မူလတန်းကျောင်းအား ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများ လိုလားနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တောင်ဖီလာအုပ်စုရှိ ဆယ်ရှဉ်လုပ်ကျေးရွာ မူလတန်းကျောင်းမှာ ပျက်စီးယိုယွင်း လာနေသဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

By အောင်ကောင်းဇော် 19 Jan 2021

 အောင်ကောင်းဇော် | DMG
ဇန်နဝါရီ ၁၉ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တောင်ဖီလာအုပ်စုရှိ ဆယ်ရှဉ်လုပ်ကျေးရွာ မူလတန်းကျောင်းမှာ ပျက်စီးယိုယွင်း လာနေသဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

အဆိုပါစာသင်ကျောင်းကို ကိုထူကိုယ်ထစနစ်ဖြင့် ၂၀၀၀ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ စာသင်ကျောင်း၏ ခေါင်မိုး၊ ကြမ်းခင်းများ ပျက်စီးမှုရှိနေခြင်းကြောင့် အစိုးရအနေဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးရန်လိုအပ်ကြောင်း ဆယ်ရှဉ်လုပ်ကျေးရွာဒေသခံ ဦးခင်လှမောင်က ပြောသည်။

“အခုကျောင်းက မိုးမလုံလေမလုံ၊ ကြမ်းခင်းအကျိုးတွေဖြစ်နေတယ်။ ဒါဆိုရင် ကလေးတွေအတွက် ကျောင်းပေါ်က ပြုတ်ကျမှာကို စိုးရိမ်ရတယ်။ တစ်ခြားနေရာကိုသွားပြီး တက်ခိုင်းမှာကလည်း တစ်မိုင်လောက်ကွာတဲ့ နေရာကို သွားတက်ခိုင်းရမှာ။ အခုကျောင်းမှာကလည်း အမိုးအကာ၊ ကြမ်းခင်း အကုန်အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

စာသင်ကျောင်း အသစ်ပြန်လည် တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်ပြီး ဆယ်ရှဉ်လုပ်ကျေးရွာ ကျောင်းကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်က တင်ပြထားကြောင်း ကျောင်းကော်မတီဝင် ဦးမောင်စိုးခိုင်က ပြောသည်။

“ပညာရေးမှူးရုံးကို ကျောင်းပြန်လည်ပြုပြင်ရေးကိစ္စနဲ့ ၂၀၂၀ ခုနှစ်ကတည်းကပင် တင်ထားပြီးပြီ။ ဒါပေမဲ့ ဘာမှတော့ ထူးမလာဘူး။ အခုကျောင်းမှာဆို ခေါင်မိုးတွေ၊ ကြမ်းခင်းတွေ အဆင်မပြေတော့ဘူး၊ အကုန် ကျိုးကုန်ပြီ၊ ဒါကြောင့် အသစ်ပြန်လည် တည်ဆောက်ပေးဖို့ လိုအပ်နေပြီ။ ကျနော်တို့အနေနဲ့ကတော့ အစိုးရ မလုပ်ပေးရင် ထပ်ပြီးကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ပြုပြင်ပေးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

ဆယ်ရှဉ်လုပ်ကျေးရွာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးရှိပြီး တစ်ခြားကျေးရွာများတွင် သွားတက်ရန်လည်း အလှမ်းဝေးသဖြင့် ကျောင်းသားများအတွက် အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါစာသင်ကျောင်းတွင် ဆရာ၊ ဆရာမ ပြည်စုံမှုရှိသော်လဲ စာသင်ခန်းနှင့် အိမ်သာအပြင် အခြားသော သင်ထောက်ကူပစ္စည်းများ လိုအပ်မှုရှိကြောင်းလည်း ကျောင်းကော်မတီထံမှ သိရသည်။

လက်ရှိ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသော ဆယ်ရှဉ်လုပ်ကျေးရွာစာသင်ကျောင်းမှာ အလျား ပေ ၃၀၊ အနံ ၂၅ ပေ ကျယ်ဝန်းသည်။

ဗီဒီယိုများ