တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် ANP အောင်နိုင်ရေးဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရမှုရှိလာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်တို့တွင် စက်တင်ဘာ ၃၀ ရက် နေ့ကစိုက်ထူခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်နှစ်ခုမှာ အောက်တိုဘာ ၂ ရက်နေ့က ဖျက်ဆီးခံခဲ့ရကြောင်း ယင်းပါတီမှ သိရသည်။

03 Oct 2020



မျိုးမြင့်ဇော် ၊ အောင်ကောင်းဇော် | DMG
အောက်တိုဘာ ၃ ၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်တို့တွင် စက်တင်ဘာ ၃၀ ရက် နေ့ကစိုက်ထူခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်နှစ်ခုမှာ အောက်တိုဘာ ၂ ရက်နေ့က ဖျက်ဆီးခံခဲ့ရကြောင်း ယင်းပါတီမှ သိရသည်။

ပတ်ဝန်းကျင်မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်အရ ယင်းသို့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှစ်ခုကို ဖျက်ဆီးသွားသူမှာ အမျိုးသမီးတစ်ဦးဟုသိရကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းဇော်ကပြောသည်။

လက်ရှိတွင် အောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးသွားသူအား အရေးယူနိုင်ရန်အတွက် မအီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားတယ်။ မြင်လိုက်တဲ့သူတွေပြောပြတာက ဆဲဆိုပြီးတော့ ပါတီဆိုင်းဘုတ်ကြီးကိုဆွဲဖျက်ပြီးတော့ တိုင်တွေကိုဖြိုလှဲလိုက်တယ်၊ အမျိုးသမီးတစ်ယောက်လုပ်တာလို့ ပတ်ဝန်းကျင်ကပြောတယ်” ဟု ဦးဝင်းဇော်က ပြောသည်။

ANP အောင်နိုင်ရေးဆိုင်ဘုတ်ဖျက်ဆီးခဲ့သူကို အမှုဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်ပြီး DMG က မအီမြို့မ ရဲစခန်းမှ စခန်းမှူးရဲအုပ်ကိုကိုမင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ အလုပ်မအားသေးသဖြင့် နောက်မှပြန်လည် ခေါ်ဆိုပေးမည်ဟု အကြောင်းပြန်ခဲ့သည်။

အလားတူ ရမ်းဗြဲမြို့နယ်၊ ရဲယုကျေးရွာတွင်စိုက်ထူးထားသည့် ANP ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တစ်ခု စက်တင်ဘာလ ၂၆ ရက်က ဖျက်ဆီးခံခဲ့ရသည်။

ယခုကဲ့သို့စိုက်ထူထားသည့် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကို ဖျက်ဆီးသူမှာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး သွားခြင်းဖြစ်သည်ဟု ရမ်းဗြဲမြို့နယ် ANP ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဆိုသည်။

“အခုဖျက်ဆီးခံရတဲ့ဆိုင်းဘုတ်ဆိုရင် ၂၄ ရက်နေ့က စိုက်ထူလိုက်တာ။ ၂၆ ရက်နေ့ ညနေမှာ ဖျက်ဆီးခံလိုက် ရတာပေါ့။ ဒီဟာကိုဖျက်ဆီးသူတွေက တကယ်ကိုရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အခုလိုလုပ်သွားခြင်းဟာ ကျနော်တို့ပါတီအနေနဲ့ ဘာမှ နစ်နာမှုမရှိပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆိုင်းဘုတ်ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကာ ဖျက်ဆီးသူများမှာ မည်သူမည်ဝါဖြစ်သည်ကိုမသိရှိခြင်းကြောင့် တရားစွဲဆိုသွားမည်မဟုတ်ကြောင်းလည်း ဦးထွန်းထွန်းဦးက ဆက်ပြောသည်။

ANP ပါတီအနေဖြင့် ရမ်းဗြဲမြို့နယ်အတွင်း၌ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကို စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်စိုက်ထူခဲ့ရာ ကျေးရွာပေါင်း ၅၀ ကျော်တွင် စိုက်ထူထားပြီဖြစ်ကြောင်း ယင်းမြို့နယ် ANP ပါတီမှ သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်များမှာလည်း ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေသည်။

တောင်ကုတ်၊ မြေပုံ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့၌ NLD မှစိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် အနည်းဆုံး ၁၀ ခုခန့် ဖျက်ဆီးခံခဲ့ရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ဗီဒီယိုများ