မင်ပြားမြို့နယ်မှ စစ်ဘေးရှောင်(၇၀၀)ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သေကန်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ (၇၀၀) ကျော်မှာ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ပညာဗလက မိန့်ကြားသည်။

By မင်းထွန်း 28 Jan 2020

မင်းထွန်း | DMG
ဇန်နဝါရီ ၂၈၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သေကန်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ (၇၀၀) ကျော်မှာ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ပညာဗလက မိန့်ကြားသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ပရဟိတအသင်းများ၊ အရပ်ဖက်အဖွဲ့စည်းများက လာရောက်ထောက်ပံ့မှုများရှိသော်လည်း လက်ရှိတွင် ကူညီထောက်ပံ့မှုများ နည်းပါးလာကြောင်း ၎င်းကဆက်လက်မိန့်ကြားသည်။

“ အဓိကတော့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေတယ်။ လှူဒါန်းလာကြတဲ့ စားနပ်ရိက္ခာတွေကို ခွဲဝေပေးထားတယ်။ ဒါပေမယ့် လုံလုံလောက်လောက်မရှိဘူး။” ဟု ဆရာတော်က မိန့်ကြားသည်။

ယခုကဲ့သို့ ကူညီထောက်ပံ့မှုများ နည်းပါးလာသည့်အတွက်လည်း ပရဟိတအသင်းများထံမှ အကူညီများတောင်းခံနေရကြောင်း သေကန်ကျေးရွာ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် မင်ပြားမြို့နယ်အတွင်းက သလူချောင်းကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ စိတ္တရကျေုးရွာ၊ တောင်ပုတ်ကေကျေးရွာ၊ ဆားပြိုကျေးရွာများက စစ်ဘေးရှောင်များ ခုံလှုံနေကြသည်။

“စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ်။ နောက်ပြီး အလုပ်မလုပ်ရဘူးဆိုတော့ နေထိုင်ဖို့အတွက် ငွေကြေးမရှိဘူး။ အလှူရှင်တွေက ခရမ်းသီးတွေ၊ ငရုတ်သီးတွေ ပေးတာကို ခြောက်ရက်၊ ခုနှစ်ရက်ကြာမှ တခါရောက်လာကြတယ်ဆိုတော့ ဖြစ်သလို စားနေရပါတယ်”ဟု စစ်ဘေးရှောင် ဦးကျော်လင်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လက ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုသည် တစ်နှစ်ကျော်အထိရှိလာပြီး စစ်ဘေးရှောင် တစ်သိန်းကျော်အထိရှိလာသည်ဟု စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ထံက သိရသည်။

ဗီဒီယိုများ