လေးကေ့ကော် တိုက်ပွဲကြောင့် ဒေသခံ ၂၅၀၀ ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရ၊ လူသားချင်းစာနာမှု ထိုင်းအစိုးရမှကူညီပေးနေ

ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် လေးကေ့ကော်မြို့သစ်အတွင်း မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲအတွင်း ဒေသခံ ၂၀၀၀ ကျော်မှာ ထိုင်းနိုင်ငံနယ်စပ် တောင်းရင်းမြစ်အနီးတွင် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းအစိုးရမှ လူသားချင်းစာနာမှု အကူအညီပေးအပ်ထားကြောင်း AAC ကူညီရေးအဖွဲ့ထံမှ သိရသည်။

17 Dec 2021

Photo - AAC Ye Min

DMG ၊ ဒီဇင်ဘာ ၁၇

ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ရာ နယ်မြေဖြစ်သည့် လေးကေ့ကော်မြို့သစ်အတွင်း မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲအတွင်း ဒေသခံ ၂၀၀၀ ကျော်မှာ ထိုင်းနိုင်ငံနယ်စပ် တောင်းရင်းမြစ်အနီးတွင် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းအစိုးရမှ လူသားချင်းစာနာမှု အကူအညီပေးအပ်ထားကြောင်း AAC ကူညီရေးအဖွဲ့ထံမှ သိရသည်။

လေးကေ့ကော် တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေ (၂၅၀၃)ဦး ရှိသည့်အနက် အရွယ်မရောက်သူနှင့် ကလေးသူငယ် (၅၄၅) ဦးပါဝင်နေပြီး လိုအပ်သည့်အကူအညီများ ပေးအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့ AAC မှ ကိုရဲမင်းက DMG ကိုပြောသည်။

"စစ်ဘေးရှောင်လူဦးရေက နှစ်ထောင်ကျော်ရှိတယ်။ အဲဒီထဲက အရွယ်မရောက်သူရယ် ကလေးသူငယ်က ငါးရာကျော်လောက်ပါလာတယ်။ သူတို့အတွက်လိုအပ်တဲ့ အဝတ်အစားတွေ အနွေးအထည်တွေ အစားအသောက်တွေကို ကူညီပေးထားပါတယ်။ ထပ်မံအကူအညီပေးအပ်ကြဖို့ကို မေတ္တာရပ်ခံပါတယ်။" ဟု ကိုရဲမင်းဦးက ပြောသည်။

မြန်မာစစ်တပ် သည် KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်မြို့သစ်ကို အင်အားနှင့် ဝင်ရောက်ခဲ့မှုကြောင့် KNLA ပူးပေါင်းတော်လှန်ရေးတပ်များဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး မြန်မာစစ်တပ်မှ ဒေသခံများနေထိုင်ရာ နေရာများသို့ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နေအိမ်အချို့မီးလောင်ခဲ့ကာ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။

အိမ်နီးချင်းထိုင်းနိုင်ငံအနေဖြင့်လည်း နယ်စပ်ဖြတ်ကျော် ရှောင်တိမ်းလာသည့် ဒေသခံစစ်ဘေးရှောင်များကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရန်နှင့်ပြည်သူများမှလည်း ဝိုင်းဝန်းကူညီကြရန် အထူးမေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်တွန်းထားသည်။

လေးကော့ကော်တိုက်ပွဲနှင့် ပက်သက်ပြီး မြန်မာစစ်ကောင်စီမှ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထိုတိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ၁၂၀ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သောင်းရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့၍ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှလည်း ပြန်လည် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေရာတွင် စစ်ဘေးရှောင်းများလည်းရှိနေပြီး ထိမှန်သူများရှိကာ အခြားနေရာသို့ ရွေ့ပြောင်းနေရကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

"အနောက်ကနေလိုက်ပစ်တာ။ ကျွန်မအရှေ့ မလှမ်းမကမ်းက သူတွေကိုကော ထိုင်းက နယ်စပ်နေရာကိုပါ ကျပြီး ထိသွားပါတယ်။ အဲ့က အဘကြီးတစ်ယောက်ကတော့ ဒဏ်ရာတော်တော်ပြင်းသွားပါတယ်။ ထိုင်းဘက်က စစ်သားတွေက မြန်မာစစ်သားတွေကို ခြောက်လှန့်ပစ်လိုက်လို့ သူတို့ (စစ်ကောင်စီတပ်) တွေ နောက်ဆုတ်သွားပါတယ်။" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မြန်မာစစ်တပ်များ ထပ်မံပစ်ခတ်ခဲ့ပါလျှင် ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ တစုံတရာပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်အဖွဲ့မှ သတိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်တွင် ကေအန်ယူ တပ်မဟာ ၆ နယ်မြေများသို့ မြန်မာစစ်တပ် စစ်ကြောင်းများ အင်အားအများအပြားဖြင့်ဝင်ရောက်ပြီး လေးကေ့ကော်မြို့သစ်အတွင်း တိမ်းရှောင်နေသူ NLD ပါတီမှ အမတ်နှစ်ဦး၊ ဆရာဝန်တစ်ဦး၊ ဒေသခံပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် ဖမ်းဆီးသွားမှုကြောင့် KNLA တပ်ရင်းနှင့်ပူးပေါင်းအဖွဲ့တို့ဖြင့် ဒီဇင်ဘာ ၁၅ ရက်မှ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ အထိအခိုက်ကျဆုံး အများအပြားရှိနေပြီး KNLA ၏ ဖမ်းဆီးခံရမှုများကြောင့် မြန်မာစစ်တပ်မှ အင်အားပြည်လည်ဖြည့်တင်းနေကာ ထိုးစစ်ဆင်ရန် စီစဉ်နေကြောင်း သိရသည်။

ဗီဒီယိုများ