ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုတွင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်အမှုကို လာမည့်အပတ်တွင် ဒုတိယအကြိမ်ရုံးထုတ်မည်

ထိုင်း-မလေးရှားနယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လက်ဗွေရာတွေ့ရှိသည်ဟုဆိုကာ လူသတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်တစ်ဦး၏အမှုကို လာမည့်သြဂုတ်လ(၉)ရက် (အင်္ဂါနေ့)တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

04 Aug 2022

သံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများအားတွေ့ရစဉ်။ Photo Crd - BBC

DMG ၊ သြဂုတ် ၄

ထိုင်း-မလေးရှားနယ်စပ်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လက်ဗွေရာတွေ့ရှိသည်ဟုဆိုကာ လူသတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်တစ်ဦး၏အမှုကို လာမည့်သြဂုတ်လ(၉)ရက် (အင်္ဂါနေ့)တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးမှုတွင် လက်ဗွေရာတွေ့ရှိသည်ဟုဆိုကာ လူသတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်မှာ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာမှ ကိုအောင်ဝင်းကိုဖြစ်သည်။

ကိုအောင်ဝင်းကို၏အမှုနှင့်ပတ်သက်၍ ယခုလာမည့်ရုံးချိန်းတွင် အမှုစစ်ရဲအရာရှိများနှင့် သက်သေများကို ထိုင်းနိုင်ငံ စုံခလာခရိုင် တရားရုံးတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ထိုင်းတောင်ပိုင်း ဟတ်ယိုင်ရုံး တာဝန်ခံ ဦးဘရီကပြောသည်။

“အခုလာမယ့်ရုံးချိန်းမှာဆိုရင် အမှုစစ်ရဲအရာရှိနဲ့ သက်သေတွေကို စစ်ဆေးသွားဖို့ရှိတယ်။ ကျနော်တို့လည်း သူ(ကိုအောင်ဝင်းကို) လွတ်မြောက်ရေးအတွက် အတက်နိုင်ဆုံး ရှေ့နေတွေငှားပြီး ဆောင်ရွက်ပေးနေတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ရိုင်မြို့နယ် ဘန့်ဖလူနှင့် ထုံးလုံနယ်စပ်တွင် ထိုင်းအမျိုးသားတစ်ဦး အသတ်ခံခဲ့ရသည်။ ထိုအမှုနှင့်ပတ်သက်ပြီး အဆိုပါမြို့နယ်အတွင်းရောက်ရှိနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

ယင်းနောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ပြီး သေဆုံးသူ ထိုင်းနိုင်ငံသားအလောင်းတွင် ကိုအောင်ဝင်းကို၏ လက်ဗွေရာကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။
ထိုအမှုတွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်မှ ရခိုင်ဒေသခံနှစ်ဦးကိုလည်း မျက်မြင်သက်သေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ထည့်သွင်းထားသည်။

လက်ရှိတွင် မျက်မြင်သက်သေများဟု တင်ပြထားသည့် ရခိုင်ဒေသခံနှစ်ဦးက ၎င်းတို့အနေဖြင့် ကိုအောင်ဝင်းကိုအား မသိရှိကြောင်းနှင့် အမှုကိစ္စများကိုလည်း မတွေ့မြင်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ထိုင်းတောင်ပိုင်း ဟတ်ယိုင်ရုံးမှ နောက်ထပ်တာဝန်ရှိသူတစ်ဦးထြစ်သည့် ဦးသိန်းထွန်းကပြောသည်။

“ထိုင်းရဲတွေထည့်ထားတဲ့ မျက်မြင်သက်သေတွေက သူတို့အချင်းချင်းလည်း မသိဘူးလို့ထွက်ဆိုတယ်။ လူသေအလောင်းမှာ လက်ဗွေရာတွေ့ရှိတာနဲ့ လူသတ်တယ်လို့ ယူဆလို့မရသလို သူတို့အချင်းချင်း ဘယ်လိုဆက်နွယ်နေတယ်ဆိုတာကိုလည်း မသိ နိုင်ဘူး။ ကျန်တဲ့လူတွေကို ဖမ်းဆီးမှ အဖြေကိုသေချာသိရမယ်”ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသားအသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ခံထားရသည့် မြန်မာနိုင်ငံသား ၅ ဦးရှိပြီး ယင်းအထဲမှ ၃ ဦးမှာ ဖမ်းဆီးရမိခြင်းမရှိသေးဟု ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ သိရသည်။

လက်ရှိ လူသတ်မှုသံသယဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ဒေသခံ ကိုအောင်ဝင်းကို ထိုင်းနိုင်ငံ စုံခလာခရိုင်အကျဉ်းထောင်တွင် ဆက်လက်ထိန်းသိမ်းခံထားရသည်။

ယင်းအပြင် ထိုင်းနိုင်ငံသားအသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ခန့်ထဲမှ လက်ဗွေရာတွေ့ရှိသူ ရခိုင်ဒေသခံတစ်ဦးအပါအဝင် မသင်္ခါသူ ၉၃ ဦးကို ထိုင်ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ