ရသေ့တောင်မြို့နယ် သမီးလှကျေးရွာကို တပ်မတော်ဝင်ရောက်

သမီးလှကျေးရွာတွင် သြဂုတ်လ ၇ ရက်နေ့က သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏အသုဘအား ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်သော်လည်း ကျေးရွာသားများ ထွက်ပြေးနေကြသဖြင့် အသုဘချမည့်သူမရှိဘဲဖြစ်နေကြောင်း သိရသည်။

08 Aug 2019

ဇန်နဝါရီလ ၂၆ ရက်နေ့က ကျေးရွာအတွင်းသို့ တပ်မတော်မှ သေနတ်ပစ်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည့် သမီးလှကျေးရွာသားများ

အောင်ထိန် | DMG

သြဂုတ် ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအတွင်းသို့ အင်အား ၁၅၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုမှ သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်လာကြောင်း ကျေးရွာသားများက ပြောသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းမှ ကျေးရွာအတွင်း ဝင်ရောက်လာရာတွင် သေနတ်ပစ်ခတ်ပြီး ဝင်ရောက်လာသဖြင့် ဒေသခံကျေးရွာသားများမှာ ကြောက်လန့်ထွက်ပြေးနေရကြောင်း သမီးလှကျေးရွာမှ ထွက်ပြေးနေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။

“သူတို့က မြစ်ဘက်ကနေ တက်လာကြတယ်။ ပြီးတော့ ရွာထဲကို သေနတ်တွေပစ်ပြီ းဝင်လာတယ်။ ရွာထဲ ဝင်လာတော့ ကျွန်တော်တို့က ထွက်ပြေးကြတာပေါ့။ ကျွန်တော်တို့က ကြောက်လန့်ပါတယ်။ အကြောက်တရားနဲ့ဲပဲထွက်ပြေးတာပါ။ သူတို့ပစ်တဲ့ကျည်တွေ ထိမှာကိုလည်း ကြာက်လို့ ထွက်ပြေးတာပါ။ နောက်ပြီး သူတို့ဖမ်းပြီ းဟိုဟာမေး၊ ဒီဟာမေး အဲဒီလိုလုပ်မှာတွေကိုလည်းကြောက်ပြီးပြေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သမီးလှကျေးရွာတွင် သြဂုတ်လ ၇ ရက်နေ့က သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏အသုဘအား ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်သော်လည်း ကျေးရွာသားများ ထွက်ပြေးနေကြသဖြင့် အသုဘချမည့်သူမရှိဘဲဖြစ်နေကြောင်း သိရသည်။

“အသုဘ မချရသေးဘူးလို့ပြောတယ်။ ရွာကလူတွေက အကုန်လုံး ထွက်ပြေးနေကြတာကို။ ရွာထဲမှာ အသုဘစောင့်နေတဲ့သူတွေရှိတယ်။ သူတို့ကို စစ်တပ်ကလာပြီးတော့ ပြောတယ်လို့ပြောတယ်။ ဒီကနေမသွားနဲ့ မကြောက်နဲ့လို့လည်းပြောသွားတယ်လို့ အသုဘစောင့်နေတဲ့သူတွေကပြောတယ်” ဟု သမီးလှကျေးရွာမှ အမည်မဖော်ပြလိုသည့် နောက်အမျိုးသားတစ်ဦးက ပြောသည်။

တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းတွင် လက်ရှိအချိန်ထိ စခန်းချနေထိုင်လျက်ရှိနေပြီး ကြောက်လန့်ပြီး ဘုန်းတော်ကြီးကျောင်းတွင်ခိုလှုံနေကြသည့် အမျိုးသမီးများထံမှ ဖုန်းများကို သိမ်းယူထားကြောင်း ၎င်းအမျိုးသားက ဆိုသည်။

“ကျွန်တော့်သမီးက ဘုန်းကြီးကျောင်းမှာရှိတယ်။ ဖုန်းတွေကို အကုန်လုံးသိမ်းသွားတယ်လို့ပြောတယ်။ နောက်ထပ် ဖုန်းမဆက်နဲ့တော့လို့ပြောတယ်။ ဖုန်းတွေက အကုန်လုံးစက်ပိတ်ထားတယ်။ ဆက်လို့မရတော့ဘူးလို့။ ဖုန်းဆက်သွယ်ရနေတော့ ရွာမှာဘာတွေလုပ်တယ်။ ဘာဖြစ်တယ်ဆိုတာသိတယ်။ ခုတော့ ဆက်သွယ်မရတော့ ပိုပြီးစိုးရိမ်တာပေါ့။ ဘာမှလည်းမသိရဘူး ” ဟု ၎င်းကပြောသည်။

သမီးလှကျေးရွာသည် အိမ်ခြေ ၁၀၃ ဆောင်၊ လူဦးရေ ၆၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး လက်ရှိမှာ တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်နေသဖြင့် အမျိုးသားများ ထွက်ပြေးနေကြပြီး အမျိုးသမီးနှင့် သက်ကြီး ရွယ်အိုများမှာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြောင်း သိရသည်။

လက်ရှိ ၎င်းကျေးရွာသို့ တပ်မတော်သားများပါဝင်သည့် ရဟတ်ယာဉ်သုံးစီးနှင့် မော်တော်ဘုတ်သုံးစီး ရောက်ရှိနေကြောင်းသိရပြီး သမီးလှကျေးရွာအတွင်း ဖြစ်ပျက်နေသည့်အခြေအနေအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG မှ ဆက်သွယ်မေးမြန်းရာ အစည်းအဝေးလုပ်နေ၍ မအားသေးကြောင်းသာ အကြောင်းပြန်ခဲ့သည်။

သမီးလှကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာ ကျည်စထိမှန်သေဆုံးခဲ့ရသည်။

 

ဗီဒီယိုများ