သံတောင်မြို့ ၁၃ မိုင်မှ ဆင်းလာသည့် စစ်ကောင်စီ ကားယာဉ်တန်း မိုင်းဆွဲခံရ

ကရင်ပြည်နယ်သံတောင်မြို့အထွက် ၁၃ မိုင်မှ ထွက်ခွာဆင်းလာသည့် စစ်ကောင်စီ ကားယာဉ်တန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ လက်အောက်ခံတပ်များမှ မနေ့က နိုဝင်ဘာ ၂၅ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။  

26 Nov 2021

ဓာတ်ပုံ - သံတောင်မြို့အထွက်ဆိုင်းပုဒ်တနေရာ။

DMG ၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်သံတောင်မြို့အထွက် ၁၃ မိုင်မှ ထွက်ခွာဆင်းလာသည့် စစ်ကောင်စီ ကားယာဉ်တန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ လက်အောက်ခံတပ်များမှ မနေ့က နိုဝင်ဘာ ၂၅ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။  

စစ်ကောင်စီ၏ယာဉ်တန်းဆင်းရာ ၁၃ မိုင်အထွက်မှ လမ်းတစ်နေရာဖြစ်သည့် သံတောင်၊ ပျားစခန်းလမ်း ၁၁ မိုင် ကုန်းအဆင်းတွင် မိုင်းခွဲခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်သံကြားသိရကြောင်း အနီးအနားရှိ ကျေးရွာဒေသခံတစ်ဦးက DMG သို့ ပြောသည်။  

" မိုင်းခွဲအသံကြားလိုက်ရတယ်။ တော်တော်ကျယ်တယ်။ နောက်တော့ နှစ်ဖက်ပစ်တဲ့ အသံတွေပါကြားရပါတယ်။ " ဟု သူမက ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွင် အချိန် ၁၀ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီကား ၁၀ စီး ပျားစခန်းရွာထိပ်၌ ခဏရပ်တန့်ခဲ့ကာ တောင်ငူမြို့သို့ ည ၇ နာရီအချိန်တွင် ပြန်လည်ဆင်းသွားသည်ကို တွေ့မြင်ခဲ့ကြောင်း သူမကထပ်မံ ပြောသည်။

ထိုမိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဉ်တန်းမှ ကားတစ်စီးလမ်းဘေးသို့ ထိုးမှောက်ကျနေပြီး သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း မျက်မြင်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

"မိုင်းဆွဲခံထားရတဲ့ ကားတစ်စီး လမ်းဘေးမှာ မှောက်ခုံကြီး ပက်လက်ထိုးကျနေတာတွေ့ရတယ်။ လူသေတာပါတွေ ရှိနိုင်တယ်။ အနီးကပ်မကြည့်ခဲ့ရတော့ သေချာတော့မပြောတက်ဘူး။ "
ဟု သူကဆိုသည်။

ထို့အပြင် ယမန်နေ့ ညနေပိုင်းအချိန်တွင် သံတောင်ဘောဂလိလမ်းမှ ပြန်လည်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းသည် သစ်စေးတောင်လမ်းသို့အရောက်တွင် ကွမ်းသီးသယ်ဆောင်လာသူ လူငယ်ဆိုင်ကယ်သမားတစ်ဦးကို ကားတိုက်မိခဲ့ကာ လူငယ်မှာ သေဆုံးသွားကြောင်း မျက်မြင်ဒေသခံတွေထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်နှင့် ဇူလိုင်လအတွင်းမှာလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မတော် (KNDF) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်ငူ-သံတောင် ကားလမ်းမှတဆင့် စစ်ကောင်စီတပ်အင်အား အများအပြား ဖြည့်တင်းမှုများရှိခဲ့သည်။

ဗီဒီယိုများ