သရက်တပင်ကျေးရွာမှ ဖမ်းဆီးခံရသူ(၄)ဦး ရိုက်နှက်ခံထားရဟု မိသားစုပြော

“ဒီနေ့ရဲစခန်းမှာ သားကိုသွားတွေ့တော့ သူ့မှာ ရိုက်နှက်သတ်ဖြတ်မှုခံရတာတွေ အများကြီးတွေ့ရတယ်။ ညာဘက်လက်ဖျံ၊ ကျောကုန်းတွေမှာ ဝါးလုံးတွေနဲ့ ထိုးသတ်ခံရတဲ့ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ တပ်မထဲမှာ စစ်ဆေးတဲ့အခါ အရိုက်ခံရတာ။ ကျန်တဲ့လူတွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲမြင်ခဲ့တယ်” ဟု ဖမ်းဆီးခံထားရသူ မောင်ကြည်လင်း၏ ဖခင် ဦးမောင်သန်းမိုးက DMG ကို ပြောသည်။

By ခိုင်ရိုးလ 21 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၁ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရပြီးနောက် သရက်တပင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးကာ ကျေးရွာသား ၅ ဦးကို ဖမ်းဆီးသွားခဲ့သည်။

၎င်းတို့ ၅ ဦးထဲမှ တစ်ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၄ ဦးအား တပ်မတော်မှ ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုသတင်းကြောင့် မိသားစုဝင်များက ကျောက်တော်မြို့မရဲစခန်းသို့ နိုင်ဝင်ဘာလ ၂၀ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြရာ ဖမ်းဆီးခံထားရသူ ၄ ဦး၏ ကိုယ်ခန္ဓာပေါ်တွင် ရိုက်နှက်ဒဏ်ရာများတွေ့ရှိခဲ့ရကြောင်း ရဲစခန်းသို့သွားရောက်ခဲ့သည့် မိသားစုဝင်တစ်ဦးက ယင်းကိစ္စကိုပြန်ပြောပြသည်။

“ဒီနေ့ရဲစခန်းမှာ သားကိုသွားတွေ့တော့ သူ့မှာ ရိုက်နှက်သတ်ဖြတ်မှုခံရတာတွေ အများကြီးတွေ့ရတယ်။ ညာဘက်လက်ဖျံ၊ ကျောကုန်းတွေမှာ ဝါးလုံးတွေနဲ့ ထိုးသတ်ခံရတဲ့ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ တပ်မထဲမှာ စစ်ဆေးတဲ့အခါ အရိုက်ခံရတာ။ ကျန်တဲ့လူတွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲမြင်ခဲ့တယ်” ဟု ဖမ်းဆီးခံထားရသူ မောင်ကြည်လင်း၏ ဖခင် ဦးမောင်သန်းမိုးက DMG ကို ပြောသည်။

ဖမ်းဆီးခံရသူ ၄ ဦးထဲတွင်ပါဝင်သည့် မြေပုံမြို့မှ မောင်လရောင်ဆိုသူမှာလည်း ဒဏ်ရာများဖြင့် နိုဝင်ဘာလ ၂၀ ရက် ညနေ့ ၄ နာရီကျော်အချိန်တွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရသည်ကို တွေ့မြင်ခဲ့သည်ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

“ဒီနေ့ဆေးရုံမှာ ဖမ်းဆီးခံတစ်ယောက် ဒဏ်ရာတွေဗလပွနဲ့ မျက်နှာတွေရောင်ရမ်းပြီး မျက်လုံးတွေ ပေါက်ထွက်လုမတတ်ပဲ၊ နှာခေါင်းရိုးတွေရောင်ကိုင်းပြီး ပွနေတာကိုတွေ့ခဲ့ရတယ် ” ဟု ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခံရစဉ်အတွင်း ရိုက်နှက်ခံရမှုများရှိနေသည့်အပေါ် တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်မအားသေးလို့ပါ။ နောက်မှပြန်ဆက်ပါ” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ဖမ်းဆီးခံထားရသူ ၄ ဦးနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းမှူးကို DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သရက်တပင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရမှုကြောင့် တပ်မတော်သားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က အနီးပတ်ဝန်းကျင်ကျေးရွာများကို ဝင်ရောက်စစ်ဆေးခဲ့ကာ သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ)အောင်ပိုင်၊ သရက်တပင်(ပြင်လှ)ကျေးရွာမှ မောင်ကုလား၊ ရွာမပြင်ကျေးရွာမှ ညီညီစိုးနှင့် စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်းနှင့် မြေပုံမြို့မှ မောင်လရောင်တို့ ၅ ဦးကို ဖမ်းဆီးခဲ့သည်။

ယင်းသို့ဖမ်းဆီးစစ်ဆေးခံသည့် ၅ ရက်မြောက်နေ့ နိုဝင်ဘာလ ၁၉ ရက်တွင် သရက်တပင်ကျေးရွာမှ နေမျိုးထွန်း(ခ)အောင်ပိုင်ကို အပြစ်မရှိသဖြင့် ကျောက်တော်မြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့သော်လည်း ကျန် ၄ ဦးကို ကျောက်တော်မြို့မရဲစခန်းတွင် ဆက်လက်ဖမ်းဆီးထားသည်။

၎င်းတို့ ၄ ဦးအား တပ်မတော်ဘက်က အမှုဖွင့်ထားသည်ဟု သိရကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“အဲဒီ ၅ ဦးထဲက အောင်ပိုင်ကိုတော့ လွှတ်လိုက်ပြီ၊ ကျန် ၄ ဦးကို တပ်မတော်ဘက်က တရားစွဲအမှုဖွင့်ထားတယ်လို့ သိရတယ်။ ပုဒ်မကိုတော့ အတိကျမသိရသေးဘူး ” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် မောင်ကြည်လင်းမှာ စပါးဆိပ်ကျေးရွာမှ သရက်တပင်ကျေးရွာရှိ ဘော်ဒါဆောင်သို့ ထမင်းသွားပို့စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ထို့ပြင် မြေပုံမြို့မှ မောင်လရောင်သည်လည်း အလုပ်ကိစ္စဖြင့်လာရောက်ရာတွင် စစ်ဆေးခံရပြီး သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ကျန်နှစ်ဦးမှာလည်း စစ်ဆေးစဉ်အတွင်း သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံထားရသူ ၄ ဦးတို့ကို ကျောက်တော်တရားရုံးမှ ချုပ်ရမန်ယူခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး AA နှင့်ဆက်စပ် သံသယရှိသူများကို တပ်မတော်ကဖမ်းဆီးစစ်ဆေးကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်များဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ရှိနေသည်။

ဗီဒီယိုများ