တပ်ကခေါ်သွားသည့် သာစည်ကုန်းကျေးရွာသား ၁၂ ဦး ပြန်လွတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ သာစည်ကုန်းကျေးရွာသား ၁၂ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မနေ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းဒင်ရဲစခန်းမှတစ်ဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

By ချလူးအောင် 22 Nov 2019

ချလူးအောင် | DMG
နိုဝင်ဘာ ၂၂ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ သာစည်ကုန်းကျေးရွာသား ၁၂ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မနေ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းဒင်ရဲစခန်းမှတစ်ဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေးရွာအကြားတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက သေနတ်သံများကြားရပြီး တပ်မတော်သားများက သာစည်ကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာသား ၁၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၂ ဦးကို တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ပြန်လွတ်လာသူများ၏ပြောကြားချက်ကို ကိုးကားပြီး သာစည်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းညွန့်က ပြောသည်။

“လမ်းပြအဖြစ်ခေါ်သွားတာလို့ သိရပါတယ်။ လွတ်လာသူတွေကို ကျနော်မေးပြီးပါပြီ။ ရိုက်နှက်တာတို့ ဘာမှမရှိပါဘူးလို့ပြောတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာသား ၁၂ ဦး ဖမ်းဆီးခံရသည့်နေ့က ၎င်းတို့ကို AA က ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက စွပ်စွဲပြောဆိုခဲ့သော်လည်း AA ဘက်က ၎င်းဖြစ်စဉ်ကိုမသိသေး၍ တစ်စုံတစ်ရာတုန့်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

သာစည်ကုန်းကျေးရွာအတွင်းတွင် လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ကာ ကျေးရွာသား ၂၀၀ ခန့်မှာလည်း ပေါက်တောပြင်ကျေးရွာနှင့် ဆင်ပိုက်ကျေးရွာများသို့ ထွက်ပြေးလျက်ရှိသည်။

“အခုကတော့ ရွာမှာ ဘယ်သူမှမနေရဲကြတောဘူး။ မနေ့က ရွာကိုရောက်လာတဲ့ တပ်ရင်းမှူးကတော့ ပြောပါတယ်။ ဘာကြောင့် ထွက်ပြေးနေကြတာတုန်း၊  အေးဆေးစွာလုပ်ကိုင်စားသောက် နေထိုင်နိုင်တယ်လို့ ပြောသွားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းညွန့်က ပြောသည်။

တပ်ကခေါ်ဆောင်သွားပြီး ပြန်လွတ်လာသူ ၁၂ ဦးမှာ သာစည်ကုန်းကျေးရွာမှ ဦးထွန်းသိန်း ၆၂ နှစ်၊ ဦးမောင်ကျော်ဇံ ၆၁ နှစ်၊ ဦးထွန်းအောင်ကျော် ၅၈ နှစ်၊ ဦးမောင်သာထွန်း ၅၂ နှစ်၊ ဦးသန်းထွန်း ၄၈ နှစ်၊ ဦးကျော်ဝင်းစိန် ၄၄ နှစ်၊ ဦးဆန်းလှိုင် ၄၁ နှစ်၊ ဦးထွန်းဝင်းချေ ၃၆ နှစ်၊ မောင်အထွန်း ၂၁ နှစ်၊ မောင်ဝင်းမိုးဇော် ၂၀ နှစ်၊ မောင်လင်းလင်း ၁၈ နှစ်၊ မောင်ဆန်းဦး ၁၇ နှစ်တို့ဖြစ်ကြောင်း သိရသည်။

Related Post : သာစည်ကုန်းကျေးရွာသား (၁၂) ဦးကို တပ်ကဖမ်းဆီးသွားကြောင်း ရွာသားများပြော

ဗီဒီယိုများ