The Voice ပါ အရေးအသားတချို့မှာ ငြိမ်းချမ်းရေးကို ထိခိုက်ဟု AA ပြော

ပြည်တွင်း သတင်းစာတစ်စောင်ဖြစ်သည့် The Voice ပါ အရေးအသား တချို့မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက မလိုလားအပ်သော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်လာစေနိုင်သည်ဟု ရက္ခိုင့်တပ်မတော် (AA) က အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်သည်။

27 Oct 2017

ရက္ခိုင့်တပ်မတော် (AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်အား အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် (AA)

အောက်တိုဘာလ ၂၇၊ ၂၀၁၇ ခုနှစ်။    ။   ပြည်တွင်း သတင်းစာတစ်စောင်ဖြစ်သည့် The Voice ပါ အရေးအသား တချို့မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက မလိုလားအပ်သော ဆိုးကျိုးများကိုသာ ဖြစ်ပေါ်လာစေနိုင်သည်ဟု ရက္ခိုင့်တပ်မတော် (AA) က အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်သည်။

The Voice သတင်းဌာနသည် “AA အဖွဲ့မှ ဒုဗိုလ်မှူးကြီးဆိုသူကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအမှုဖွင့်သတင်း ” တစ်ပုဒ်ကို ၎င်း၏ Website စာမျက်နှာတွင် အောက်တိုဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် လွှင့်တင်ခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် (AA) က ယခုလို တုန့်ပြန် ပြောဆိုထားသည်။

“ သတင်းသမားအချို့မှ မြန်မာသတင်းမီဒီယာများ၌ ယခုတစ်ကြိမ်ထပ်မံရေးသား ဖော်ပြနေသော အကြောင်းအရာများသည်လည်း မိမိတို့ ရက္ခိုင့်တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် တမင်ရည်ရွယ်ပြီး ရေးသားဖော်ပြနေခြင်း ဖြစ်နေသကဲ့သို့ ၎င်းရေးသားဖော်ပြချက်များမှာလည်း မှားယွင်းပြီး မဟုတ်မမှန်သော၊ ယုတ္တိမရှိသော၊ စွပ်စွဲရေးသားထားသော သတင်းများသာဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်စွဲနှင့် The Voice ဂျာနယ်ပါ “AA အဖွဲ့မှ ဒုဗိုလ်မှူးကြီးဆိုသူကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအမှုဖွင့်သတင်း” http://thevoicemyanmar.com/news/13158-bmk  နှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ၂၅ ရက်နေ့စွဲဖြင့် “ပိုင်စိုး”ရေးသားထားသော “ အေအေလက်နက်ကိုင် ၉ ယောက်ကိုငွေကြေးခဝါချမှုဖြင့် အမှုဖွင့်အရေးယူ” သတင်းများကို ရည်ရွယ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့သော နိုင်ငံရေးညစ်လုံးများဖြင့် လိုရာဆွဲရေးသားနေမှုများ၊ မြန်မာ့တပ်မတော်အာဘော်များ သံယောင်လိုက်ကာ မဟုတ်မမှန်လုပ်ကြံ ခြေထိုးပြီး ဘက်လိုက်ရေးသားနေသူများ၊ မြန်မာ့တပ်မတော် အကြိုက် ရေးသားနေသူများ၏ သတင်းအမှားများကို အဆင့်ဆင့် ကိုးကားရေးသား ဖော်ပြနေမှုများမှာအမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက မလိုလားအပ်သောဆိုးကျိုးများကိုသာဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့အပြင် နဂိုရှိရင်းစွဲ မယုံမကြည်မှုများကို ပိုမိုဆိုးဝါး စေကာ အချင်းချင်းအကြားတွင်သံသယများကိုဆက်လက်တိုးပွားလာစေနိုင်ပါသည်။ ” ဟု ရေးသားဖော်ပြထားသည်။

ရခိုင်ဒေသ၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကိစ္စတွင် မြန်မာစစ်တပ်အုပ်စုမှ ပါဝင်ပတ်သက်နေသည်မှာ အထင်အရှားဖြစ်သကဲ့သို့ ၎င်းမူးယစ်ဆေးဝါးများကို သယ်ဆောင်ပို့ပေးနေသူများမှာ ဗမာစစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်တချို့၊ ဗမာစစ်တပ်၏ ဘူးသီးတောင်မြို့၊ အမှတ် (၈၀၈) ထောက်ပို့ တပ်ဖွဲ့ဝင်များ ပါဝင်နေသည်မှာ အထင်အရှားဖြစ်သည်ဟုလည်း DVB က သတင်းတစ်ပုဒ်ကို ကိုးကားပြီး ရက္ခိုင့်တပ်မတော်က ပြောသည်။

ရခိုင်ပြည်နယ် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်အဖြစ် ယင်တာဝန်ထမ်း ဆောင်ခဲ့သော သူရစန်းလွင်အား အပြောင်းအရွေ့လုပ်ရခြင်းသည် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးနှင့် အဓိက ဆက်စပ်နေကြောင်း၊ ယင်းအပြင် ရခိုင်ဒေသ - ဘင်္ဂလီအကြမ်းဖက်မှုတွင် ပါဝင်သူ နှစ်ဦးဖြစ်သည့် “ဂရိုဖီး” နှင့် “ မာဒက်စလင်” နှစ်ဦးအား ဆော်ဒီသို့ ရောက်အောင် ဗမာငွေကျပ်သိန်းငါးထောင် (သိန်း ၅၀၀၀) ယူကာ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ရက္ခိုင့်တပ်မတော်ဘက် ထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးများကို အမှန်တကယ် ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဝေနေသော “ မြန်မာစစ်တပ်အုပ်စု ” အကြောင်းနှင့် ၎င်းတို့နှင့် ဆက်စပ်သူများ အကြောင်းအား ဖော်ထုတ်သတင်းလိုက်မည်ဆိုပါက မြန်မာနိုင်ငံ၌ မူးယစ်အမှုများ လျော့ကျနိုင်ကြောင်းကိုလည်း ရက္ခိုင့်တပ်မတော်ဘက်က အကြံပြုထားသည်။

ဗီဒီယိုများ