တစ်နိုင်ငံလုံးမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် သက်တိုင်းရင်းသား ၃၀ ဦးကို ဂုဏ်ပြုဆု ချီးမြှင့်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသည့် တစ်နိုင်ငံလုံးမှ သက်တိုင်းရင်းသား ၃၀ ဦးကို ဂုဏ်ပြုဆုများချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

By ကျော်မျိုးအောင် 08 Feb 2021

ကျော်မျိုးအောင် | DMG
ဖေဖေါ်ဝါရီ ၈ ၊ မောင်တော

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသည့် တစ်နိုင်ငံလုံးမှ သက်တိုင်းရင်းသား ၃၀ ဦးကို ဂုဏ်ပြုဆုများချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အဆိုပါဂုဏ်ပြုပွဲကို သက်တိုင်းရင်းသားများ ပညာရည်တိုးတက်မြင့်မားလာစေဖို့၊ လူငယ်များကြိုးစားလိုသော စိတ်ဓာတ်ကိန်းအောင်းလာစေဖို့၊ မိမိတို့လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှု ခိုင်မာစေဖို့နှင့် အချင်းချင်း ရိုင်းပင်းကူညီတတ်သော အလေ့အထရှိလာစေဖို့ ရည်ရွယ်ကြောင်း သက်တိုင်းရင်းသားလူငယ်များပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးလှစောအောင်က ပြောသည်။

“ကျွန်တော်တို့ အခုလိုဂုဏ်ပြုပွဲပြုလုပ်ခဲ့တာ အခုနှစ်ဆိုရင် ၅ ကြိမ်ရှိပါပြီ”ဟု ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် သက်တိုင်းရင်းသား ၃၀ ဦးမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ၈ ဦး၊ မြောက်ဦးမှ ၁၁ ဦး၊ ရသေ့တောင်မှ ၃ ဦး၊ ပုဏ္ဏားကျွန်းမှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းမှ ၃ ဦး၊ ကချင်ပြည်နယ်မှ ၂ ဦးနှင့် ပဲခူးတိုင်း၊ တောင်ငူမြို့မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

ယင်းအထဲတွင် ၂ ဘာသာဂုဏ်ထူးရှင် နှစ်ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် လေးဦးပါဝင်ကြောင်း သက်တိုင်းရင်းသားလူငယ်များပညာရေးဖောင်ဒေးရှင်းမှ သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် သက်တိုင်းရင်းသား ၃၀ ဦးအား ဂုဏ်ပြုဆုချီးမြှင့်ရာတွင် ရိုးရိုးအောင် တစ်ဦးလျှင် ငွေကျပ်ငါးသောင်း၊ ၁ ဘာသာဂုဏ်ထူးရှင်တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ၂ ဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲ စသည်ဖြင့် အသီးသီးချီးမြှင့်ခဲ့သည်။

မြောက်ဦးမြို့နယ်မှ ဇီဝဗေဒဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် သက်တိုင်းရင်းသူ မမြအေးက ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ခံရမှုအပေါ် ဝမ်းသာမိကြောင်း ပြောသည်။

“လျှောက်လမ်းရမယ့် အနာဂတ်ပညာရေးအတွက် ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ ဘာအတွက်လဲဆိုတော့ မိမိတို့လူမျိုးတွေ စုပေါင်းအားပေးမှုက စိတ်ခွန်အားတစ်ရပ် ဖြစ်ပေါ်လာစေပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ သက်တိုင်းရင်းသား ၂၈ ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသူ ၂ ဦးရှိခဲ့ကြောင်း သိရသည်။
သက်လူမျိုးတို့သည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များဖြစ်ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် သက်လူမျိုး ငါးထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ