စစ်တွေမြို့တွင် ခိုးဆိုးလုယက်မှုများလာသဖြင့် ရပ်ကွက်များအတွင်း ကင်းစောင့်နေရ

ရခိုင်ပြည်နယ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာရုံးများတည်ရှိရာ စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာသဖြင့် ရပ်ကွက်အချို့တွင် ညကင်းစောင့်ရသည်အထိဖြစ်လာနေသည်။

04 Dec 2021

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာရုံးများတည်ရှိရာ စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာသဖြင့် ရပ်ကွက်အချို့တွင် ညကင်းစောင့်ရသည်အထိဖြစ်လာနေသည်။

ခိုးမှု၊ လုယက်မှုများမှာ နေ့စဉ်ရက်ဆက်ဖြစ်ပွားလာသောကြောင့် ရပ်ကွက်များတွင် ကင်းရုံများတည်ဆောက်ပြီး ကင်းစောင့်မည့်ဝန်ထမ်းများကို ကိုယ်ထူကိုယ်ထငှားရမ်းထားရကြောင်း စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းယဉ်က DMG သို့ပြောသည်။

“ရပ်ကွက်မှာ နေ့တိုင်းလိုလို ပစ္စည်းတွေအခိုးခံရတယ်။ ဆိုင်ကယ်က အများဆုံးအခိုးခံရတာ။ တစ်ခြားရပ်ကွက်တွေမှာလည်း နေ့တိုင်း ပစ္စည်းတွေပျောက်တဲ့သတင်းကြားမိတယ်။ အဲဒါကြောင့် အခုလိုညကင်းစောင့်ထားပြီး လုံခြုံရေးစောင့်ခိုင်းရတာ“ဟု ၎င်းကဆိုသည်။

ကိုဗစ်ကြောင့် အလုပ်အကိုင်အဆင်မပြေခြင်း၊ စီးပွားရေးအဆင်မပြေခြင်းနှင့် မူးယစ်ဆေးသုံးစွဲသူ များပြားလာခြင်းတို့အပြင် လူငယ်အချို့မှာ အကျင့်စာရိတ္တပျက်ပြားပြီး အလွယ်ရသည့်နည်းလမ်းဖြင့် ခိုးမှု၊ လုယက်မှုများကို ကျူးလွန်လာသည်ဟုယူဆကြောင်း ကျောင်းကြီးလမ်းရပ်ကွက်မှ လုံခြုံရေးကော်မတီဝင် ဦးအေးထွန်းကျော်က ပြောသည်။

“အကျင့်စာရိတ္တတွေပျက်စီးလာတာက မူးယစ်မှုနဲ့ပတ်သက်နေတယ်။ သူတို့မှာ သုံးစွဲဖို့ပိုက်ဆံမရှိတော့ ရတဲ့နည်းနဲ့လုပ်လာကြတယ်။ ခိုးမှု၊ လုယက်မှုမပြောနဲ့ လူသတ်ဖို့တောင်မကြောက်ကြတော့ဘူး။ ဒါကလည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က အရေးယူတဲ့အပိုင်း အားနည်းတာလည်းဖြစ်တယ်“ဟု ၎င်းကဆိုသည်။

ကျောင်းကြီးလမ်းရပ်ကွက်တွင် တစ်အိမ်လျှင်ငွေသုံးထောင်ကျပ် ကောက်ခံကာ ညကင်းစောင့်မည့်ဝန်ထမ်းခန့်အပ်ထားသဖြင့် ညဉ့်အချိန်တွင် သံသယရှိသူများနှင့် ခိုးမှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများကပြောသည်။

အလားတူ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင်လည်း ရပ်ကွက်လုံခြုံမှုရှိစေရန်အတွက် ရပ်ကွက်နေသူများမှ အလှည့်ကျစနစ်ဖြင့် ညကင်းစောင့်နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးအပတ်က အိုးတန်းရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုကို မျက်နှာဖုံးစွပ်ထားသူငါးဦးမှဝင်ရောက်ပြီး ညစောင့် ဇနီးမောင်နှံနှစ်ဦးကို ဓားဖြင့်ထောက်ကာ ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုအပြင် ဓားပြမှုများပါကျူးလွန်လာသဖြင့် တရားဥပဒေစိုးမိုးရေးရှိရန် ဆောင်ရွက်စေလိုကြောင်း စစ်တွေမြို့အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောဆိုသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက တိုင်းရင်းဆေးဆရာတစ်ဦး၏နေအိမ်ကို ဆေးဝယ်မည်ဟုပြောဆို၍ အမည်မသိလူငါးဦးကဝင်ရောက်လာကာ သေနတ်ဖြင့်ချိန်ပြီး ရွှေ(၇)ကျပ်သားနှင့် ငွေသားကျပ်သိန်း ၅၀ ကို ဓားပြတိုက်သွားခဲ့သည်။

ယင်းလအတွင်းမှာပင် စစ်တွေမြို့မဈေးကြီး၌ ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး၏ရွှေဆွဲကြိုးကို နေ့လည်ခင်းအချိန် လူမြင်ကွင်းတွင် ဆွဲဖြုတ်လုယူထွက်ပြေးသူကို ဈေးသူဈေးသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမှုကြီး ၉၈ မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ယင်းအမှုဖြစ်စဉ်များတွင် လူသတ်မှု ရ၅ မှု၊ ဓားပြမှု ၁ မှု၊ မုဒိမ်းမှု ၁၂ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ တိရစ္ဆာန်ခိုးမှု ၃ မှု၊ လက်နက်ကိုင် ၁ မှုနှင့် မတရားအသင်း ၅ မှုတို့ ပါဝင်သည်။

ဗီဒီယိုများ