တိုက်ပွဲများကြောင့် စစ်တွေတွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပမည်မဟုတ်

ရခိုင်ပြည်နယ်က မြို့နယ်အမြောက်အများတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်တွေမြို့တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပမည်မဟုတ်ဟု ရခိုင်ရိုးရာဖော်ထုတ်ထိန်းသိမ်းရေးကော်မတီမှ သိရသည်။

05 Mar 2020

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင် ကပြဖျော်ဖြေနေကြသော ရခိုင်သူလှပျိုဖြူများ။

ခိုင်ရိုးလ | DMG
မတ် ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်က မြို့နယ်အမြောက်အများတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်တွေမြို့တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပမည်မဟုတ်ဟု ရခိုင်ရိုးရာဖော်ထုတ်ထိန်းသိမ်းရေးကော်မတီမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးစိုးရိမ်မှုများ ရှိသည့်အပြင် တိုက်ပွဲကြောင့် ပြည်သူများဒုက္ခရောက်နေ၍ သင်္ကြန်ပွဲတော်ကိုဖျက်သိမ်းခြင်းဟု ကော်မတီ အတွင်းရေးမှူး ဦးဝိုင်းမောင်က ပြောသည်။

“အခုက မြို့ပေါ်မှာပျော်ရွှင်နေပြီးတော့ တစ်ဖက်မှာ တိုက်ပွဲကြောင့် ဒုက္ခဖြစ်နေကြတယ်။ ဒါကြောင့် သင်္ကြန်ပွဲကို မကျင်းပဖို့ ဆုံးဖြတ်လိုက်တာ။ နောက်ပြီးတော့ ပွဲကျင်းပဖို့အတွက် ရန်ပုံငွေကောက်ခံဖို့နေရာမှာ စစ်ဘေးရှောင်တွေကို ဦးစားပေးလို့လှူချင်တယ်။ အပျော်အပါးကို ဦးစားမပေးချင်တဲ့အတွက် ဖြစ်တယ် ” ဟု ဦး ဝိုင်းမောင်က ဆိုသည်။

စစ်တွေမြို့တွင် ယခင်နှစ်ကလည်း သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခြင်းမရှိခဲ့ပေ။ အလားတူ ရခိုင်မြောက်ပိုင်းမြို့ နယ်များတွင်လည်း လုံခြုံရေးနှင့် စစ်ဘေးရှောင်များ ဒုက္ခရောက်နေသည်ကို စာနာထောက်ထားသောကြောင့် သင်္ကြန်ပွဲတော် မကျင်းပခဲ့ပေ။

“သင်္ကြန်ဆိုတာကတော့ နှစ်ဟောင်းကကုန်ဆုံးသွားတဲ့ အမောပန်းတွေ ပြယ်ဖျောက်ဖို့အတွက် အားလုံးသူ ပျော်ပါးကြတာပေါ့။ အခုလို စိတ်ပန်းကိုယ်နွမ်း၊ ကိုယ်တို့ဘဝရပ်တည်မှုအတွက် အခက်ခဲဖြစ်နေကြတဲ့အချိန်မှာ သင်္ကြန်ပွဲမကျင်းပတာဟာ သဘာဝကျပါတယ်” ဟု စစ်တွေမြို့ဒေသခံ ကိုစိုးနိုင်က မှတ်ချက်ပြုသည်။

ယခုနှစ်တွင်လည်း စစ်တွေအပြင် တခြားမြို့နယ်များတွင်လည်း သင်္ကြန်ပွဲတော်ကျင်းပမည့် အလားအလာ မတွေ့ရပေ။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA )တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာသည်။

ဗီဒီယိုများ