ပုဏ္ဏားကျွန်းမြို့နယ်တွင် ကုန်ကားသုံးစီး မီးလောင်ပျက်စီး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒါကတော့ ကျွန်တော်တို့ယာဉ်တန်း မဟုတ်ပါဘူး။ တပ်မတော် ပစ္စည်းတွေတင်လာတာလည်း မဟုတ်ပါဘူး။ ဒါပုဂ္ဂလိကယာဉ်တွေပဲ။ မြောက်ဦးနဲ့ စစ်တွေကို ကုန်သွားပို့တဲ့ ကုန်ကားတွေပဲ။ နှစ်စီးကအခွံဘာမှမပါဘူး။ နောက်ဆုံးတစ်စီးကတော့ ကုန်စိမ်းတွေ ပါလာတယ်လို့ အကြမ်းဖျင်းအားဖြင့်သိရတယ်” ဟု ပြောသည်။

30 Aug 2019

Photo - Rakhine Ethnics Congress

ခိုင်ရိုးလ | DMG

သြဂုတ် ၃၀ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်နှင့် သဲတော်ကျေးရွာအကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် သြဂုတ်လ ၂၉ ရက် ညနေ ၇ နာရီခန့်က ကုန်တင်ကားသုံးစီး မီးလောင်ပျက်စီးခဲ့သည်။

အဆိုပါ ကုန်တင်ကားသုံးစီးမှာ ယိုးတရုပ်ကျေးရွာ၏မြောက်ဘက် ဓါတ်အားခွဲစက်ရုံ တည်ဆောက်မည့်နေရာ အနီးတွင် ကျောက်တော်မြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ မျက်နှာလှည့်ထားသည့် အနေအထားဖြင့် မီးလောင်ကျွမ်းပြီး ပျက်စီးနေခြင်းဖြစ်ကြောင်း ယိုးတရုပ်ကျေးရွာသားများက ပြောသည်။

၎င်းကုန်ကားများမီးလောင်ကျွမ်းခြင်းမှာ AA မှ အရပ်သားယာဉ်များကို မိုင်းခွဲတိုက်ခိုက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်မှပြောသည်။ သို့သော် ၎င်းကားများတွင် တပ်မတော်သားများပါရှိကြောင်း AA က ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒါကတော့ ကျွန်တော်တို့ယာဉ်တန်း မဟုတ်ပါဘူး။ တပ်မတော် ပစ္စည်းတွေတင်လာတာလည်း မဟုတ်ပါဘူး။ ဒါပုဂ္ဂလိကယာဉ်တွေပဲ။ မြောက်ဦးနဲ့ စစ်တွေကို ကုန်သွားပို့တဲ့ ကုန်ကားတွေပဲ။ နှစ်စီးကအခွံဘာမှမပါဘူး။ နောက်ဆုံးတစ်စီးကတော့ ကုန်စိမ်းတွေ ပါလာတယ်လို့ အကြမ်းဖျင်းအားဖြင့်သိရတယ်” ဟု ပြောသည်။

ဗိုလ်မှူးကြီးဝင်းဇော်ဦး၏ ပြောကြားချက်အပေါ် ရက္ခိုင့်တပ်တော် (AA) က ငြင်းဆိုပြီး ၎င်းကားများတွင် တပ်မတော်သားများပါရှိပြီး ပစ်ခတ်မှုများရှိခဲ့ကြောင်းဆိုသည်။

“အတိအကျ ပြောနိုင်တာတစ်ခုကတော့ အဲဒီကားမှာပါလာတာတွေဟာ အကုန်လုံးစစ်သားတွေပဲ။ မောင်းလာတဲ့ ဒါရိုက်ဘာလည်းစစ်သား။ ပါလာတဲ့သူတွေကလည်း အားလုံးစစ်သား။ သူတို့က အကုန်လုံးဆင်းပြေးသွားတယ်။ သူတို့ အဲဒီကားကို ကာဘာယူပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လက်ပစ်ဗုံးတွေနဲ့ပစ်တယ်။ ပြီးတော့ အဲဒီ ကားသုံးစီးလုံးကိုမီးရှို့တယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် ကားများတွင်ပါဝင်သည့် ယာဉ်မောင်းများမှာ မည်သူမည်ဝါဖြစ်သည်ကို ဒေသခံများမှလည်း မျက်မြင်တွေ့ရှိသူမရှိခဲ့ဘဲ ၎င်းယာဉ်မောင်းများမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားမည်ကိုလည်း DMG မှ သီးခြားအတည်ပြုနိုင်ခြင် းမရှိသေးပေ။

တပ်မတော်မှ တပ်အပြောင်းအရွှေ့များ၊ လက်နက်ခဲယမ်းအပြောင်းအရွှေ့များတွင် စစ်ကားများကိုမသုံးစွဲဘဲ အရပ်သားကားများ၊ ရဲကားများနှင့် တရုတ်ပြည်မှလှူဒါန်းထားသည့် China Aid ကားများဖြင့် သယ်ယူ ပြောင်းရွှေ့နေကြောင်း AA မှ ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ