သူဌေးချောင်းစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာ ၂ ရွာ ကမ်းပါးပြိုကျ

သံတွဲမြို့နယ်တွင် တည်ဆောက်နေသည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်းပါဝင်၍ အခြားနေရာသို့ ပြောင်းရွေ့ခဲ့ရသည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှာ မိုးအဆက်မပြတ်ရွာခြင်းကြောင့် ကမ်းပါးပြိုကျနေသည်ဟု ဒေသခံများကပြောသည်။

30 Apr 2021

DMG ၊ ဧပြီ ၃၀

သံတွဲမြို့နယ်တွင် တည်ဆောက်နေသည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်းပါဝင်၍ အခြားနေရာသို့ ပြောင်းရွေ့ခဲ့ရသည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှာ မိုးအဆက်မပြတ်ရွာခြင်းကြောင့် ကမ်းပါးပြိုကျနေသည်ဟု ဒေသခံများကပြောသည်။

ရေကောက်နှင့် ပုရစ်ကျေးရွာတို့မှာ ရေအားလျှပ်စစ်စီမံကိန်းအတွင်း ပါဝင်နေသည့်အတွက် အစိုးရက ကျေးရွာအသစ်တည်ဆောက်ပေးနေသည့်နေရာတွင် ဧပြီလ ၂၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျပြီး နေထိုင်ရေးအခက်အခဲဖြစ်နေသည်ဟု ရေကောက်ကျေးရွာဒေသခံ ဒေါ်မခင်လှက ပြောသည်။

မိုးစရွာတာနှင့် ယခုလိုမျိုး မြေပြိုမှုများရှိဖြစ်နေပါကမိုးရာသီတွင် မိုးအဆက်မပြတ်ရွာလျင် နေထိုင်ရေး ပိုမိုဆိုးရွာလာမည်ဖြစ်၍ အစိုးရအနေဖြင့် မြေကမ်းပါးပြိုကျမှုမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်ပေးသင့်ကြောင်း ပုရစ်ကျေးရွာဒေသခံ ဒေါ်ဝင်းဝင်းအေးကပြောသည်။

မိုးရွာသွန်းမှုကြောင့် နေအိမ်သစ်များတည်ဆောက်ရန်အတွက် ထားရှိသည့်သစ်များ ကမ်းပါးပြိုကျမှုနှင့်အတူ မျှောပါသွားသလို အပေါ်ကို ပြန်လည်သယ်ယူရန်အတွက် အခက်အခဲရှိနေကြောင်း ရေကောက်အုပ်စု အုပ်ချုပ်ရေးမှူးက ဦးအောင်ခင်သိန်းက ပြောသည်။

“ယာယီနေထိုင်ဖို့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေပါ ပျက်စီးသွားတဲ့အတွက် ဒါတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် အစိုးရဆီကို တင်ပြထားတယ်” ဟု ပြောသည်။

ယခု လက်ရှိအသစ်တည်ဆောက်နေသည့် ရေကောက်နှင့် ပုရစ်ကျေးရွာတို့မှာ သံတွဲ-တောင်ကုတ် ကမ်းလမ်းဘေးရှိ ဂျိန်တောင်ဆည်နှင့် ဒေါ်မျကျေးရွာကြားက တောင်ပေါ်မြေနေရာဖြစ်ပြီး သံတွဲမြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်မိုးရာသီမတိုင်မီ ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂ မီတာထိရောက်အောင် လုပ်ဆောင်မည်ဖြစ်သည့်အတွက် ယခင်ကျေးရွာအဟောင်းမှ ကျေးရွာအသစ်ကို ပြောင်းရွှေ့လာရခြင်းဖြစ်သည်။

ပြောင်းရွေ့လာကြသည့် ယင်းကျေးရွာ ၂ ရွာတွင် အိမ်ထောင်စု ၄၆၁ စုရှိပြီးသည်။ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ဖေါ်ခဲ့ပြီး လာမည့် ၂၀၂၅ -၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

ဗီဒီယိုများ