ဆရာတော် အသျှင်တိက္ခိန္ဒြိယ ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ULA မှ သဝဏ်လွှာပေးပို့

ရန်ကုန်မြို့ အင်းစိန်-ရွာမ ရပ်ကွက်ရှိ ရတနာဗောဓိကျောင်း၌ သီတင်းသုံးနေထိုင်သော ဆရာတော် အသျှင် တိက္ခိန္ဒြိယ ဇွန်လ ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ယနေ့ သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

18 Jun 2021

DMG ၊ ဇွန် ၁၈

ရန်ကုန်မြို့ အင်းစိန်-ရွာမ ရပ်ကွက်ရှိ ရတနာဗောဓိကျောင်း၌ သီတင်းသုံးနေထိုင်သော ဆရာတော် အသျှင် တိက္ခိန္ဒြိယ ဇွန်လ ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ယနေ့ သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ဆရာတော် အသျှင် တိက္ခိန္ဒြိယ သည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် ဖွားမြင်ခဲ့ပြီး ဖခင် ဦးမောင်ပုနှင့် မိခင် ဒေါ်ပုံ့ပုံ့မတို့၏ မွေးချင်းသုံးဦးအနက် အကြီးဆုံးသားလည်းဖြစ်သည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင် သက်တော် ၈၇ နှစ်ရှိပြီး ဝါတော် ၆၈ ဝါရရှိခဲ့သည်။

ဆရာတော်၏ သာသနာပြုမှတ်တမ်းများအရ ၁၃၃၃ ခုနှစ်မှစ၍ ပျံလွန်တော်မူချိန်အထိ နိုင်ငံတစ်နံတစ်လွှားမှ ကြွရောက်လာသော ရဟန်းသံဃာတော်များကို ပရိယတ္တိစာပေးများကို တစ်စိုက်မတ်မတ် သင်ကြားပို့ချခြင်း၊ ရခိုင့်ရှေးဟောင်းယဉ်ကျေးမှု ဗုဒ္ဓအနုလက်ရာများကို စောင့်ထိန်းခြင်း၊ ကျောက်ဖြူမြို့ ကံ့ကော်တော ရှေးဟောင်းပေါ်တော်မူ ဘုရားဝင်း၌ မဟာလာဘမုနိကြေးသွန်းပေါ်တော်မူဘုရား တည်ဆောက်ခြင်းတို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ်သည်။

ယင်းအပြင် ဆရာတော်သည် ၂၀၀၀ ပြည့်လွန်နှစ်များမှစ၍ ရန်ကုန်ရောက် ရခိုင်များနှင့် စာသင်သား ရဟန်းတော်များအတွက် “အမျိုးဂုဏ်” အမည်ရှိ စာကြည့်တိုက်ကို ထူထောင်ခြင်း၊ ၂၀၁၂ ခုနှစ်ကစ၍ လူငယ်များ ပညာရေးကဏ္ဍ တိုးတက်စေရန်အတွက် “ဗောဓိအလင်းပညာရေးဖောင်ဒေးရှင်း” ကို စတင်ဖွဲ့စည်းဆောင်ရွက်ခြင်း စသည့် လူမှုဘဝ တိုးမြင့်ရေးအတွက်လည်း အားသွန်ခွန်စိုက် စီမံဆောင်ရွက်တော်မူခဲ့သည်။

ဆရာတော်၏ ငယ်နာမည်မှာ ထွန်းစံဦးဖြစ်ပြီး အသက် ၈ နှစ် အရွယ် ၁၃၀၅ ခုနှစ်မှာ သျှင်သာမဏေအဖြစ် ရောက်ရှိပြီး၊ ၁၃၁၂ ခုနှစ်မှာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကုန်းကြီးရွာ ဆရာတော်ဘုရားကြီး အသျှင်ဦးပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဆရာတော်ရရှိခဲ့သော ဘွဲ့များမှာ “  မင်္ဂလသုခ (ပါဠိတက္ကသိုလ်)၊ မင်္ဂလာရာမ (ပါဠိတက္ကသိုလ်)၊ အလုံပရိယတ္တိ စာသင်တိုက်တေဇိန္ဒာရာ မပရိယတ္တိစာသင်တိုက် ရန်ကုန်ပာတာရုံ (ပါဠိတက္ကသိုလ်)-မြောင်းမြမြို့ ၊ ပခုက္ကူ အလယ် တိုက်ကြီး-ပခုက္ကူမြို့၊ နန္ဒိသေနာရာမ(ပါဠိတက္ကသိုလ်)-မန္တလေးမြို့ တောင်ရေဦးတိုက်-စစ်ကိုင်းမြို့ တို့မှာ ပရိယတ္တိ စာပီများကို လေ့လာဆည်းပူး သင်ယူပြီး၊ သာသနဓဇ သီရိပဝရ ဓမ္မာစရိယဘွဲ့” တို့ ဖြစ်သည်။

သို့ဖြစ်ပါ၍ ဘာသာ၊ သာသနာ၊ ပညာအတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော် အသျှင်တိက္ခိန္ဒြိယကို ဝမ်းနည်းခြင်းနှင့်အတူ ဂုဏ်ပြုသဝဏ်လွှာအားပေးပို့ကာ ရခိုင့်ဂုဏ်ဆောင်ဆရာတော်၏ လုပ်ဆောင်ချက်များကို ရခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဂုဏ်ပြုမှတ်တမ်းတင်ထားမည်ဟု သိရသည်။

ဗီဒီယိုများ