တောင်ကုတ်မှ ဦးဇေယျကျော်ပါသုံးဦးကို မူလအမှုမှလွှတ်ကာ နောက်ထပ် ပုဒ်မတစ်ခုဖြင့် ထပ်မံဖမ်းဆီးထား

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်ခံထားရသည့် တောင်ကုတ်မြို့မှ ဦးဇေယျကျော် အပါအဝင် သုံးဦးကို မူလစွဲဆိုထားသည့်အမှုမှ လွှတ်ကာ နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထပ်မံဖမ်းဆီးထားကြောင်း မိသားစုဝင်များထံက သိရသည်။

By မျိုးမြင့်ဇော် 26 May 2020

မျိုးမြင့်ဇော် | DMG
မေ ၂၆ ၊ သံတွဲ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်ခံထားရသည့် တောင်ကုတ်မြို့မှ ဦးဇေယျကျော် အပါအဝင် သုံးဦးကို မူလစွဲဆိုထားသည့်အမှုမှ လွှတ်ကာ နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထပ်မံဖမ်းဆီးထားကြောင်း မိသားစုဝင်များထံက သိရသည်။

၎င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ကာ ချုပ်ရမန် ၁၄ ရက်ရယူခဲ့သည်။ ထို့ကြောင့် မေလ ၂၅ ရက်တွင် ချုပ်ရက်ရမန် ပြည့်မြောက်ပြီဖြစ်၍ မိသားစုဝင်များက တရားရုံးနှင့်ရဲစခန်းသို့ သွားရောက်ခဲ့ကြသော်လည်း တွေ့ခွင့်မရရှိခဲ့ကြောင်း ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးကဆိုသည်။

“ကျွန်မတို့ တရားရုံးကိုသွားတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၆၉ နဲ့ လွတ်သွားပြီဖြစ်လို့ ရဲစခန်းကိုသွားမေးဖို့ ပြောပါတယ်။ စခန်းကိုရောက်တော့ စခန်းမှူးက သူတို့ကို ရန်ကုန်မှာ နောက်ထပ်ပုဒ်မတစ်ခုနဲ့ ရန်ကုန်မှာ တရားစွဲထားတယ်လို့ ပြောပါတယ်။ ကျွန်မတို့က ဘယ်မြို့နယ်မှာ ဘာပုဒ်မနဲ့စွဲတာလဲလို့မေးတော့ မသိဘူးလို့ပြောပါတယ်” ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ယခင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးစန်းငွေတို့ကို ချုပ်ရမန်ပြည့်မြောက်ပြီး ဖြစ်သော်လည်း မိသားစုဝင်များက တွေ့ခွင့်မရသေးခြင်း ဖြစ်သည်။

ဦးဝေသောင်း၏သားဖြစ်သူ ကိုဖြိုးဝေလင်းက “ထပ်ပြီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မိသားစုဝင်တစ်ယောက်အနေနဲ့ ဘယ်နေရာမှာ၊ ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတာလဲမေးတော့၊ လုံခြုံရေးအခြေနေအရ ရမန်ယူထားတဲ့အချိန်မှာ မပြောနိုင်ဘူးလို့ပြောပါတယ်၊ ကျနော့်အဖေအတွက် အထူးစိုးရိမ်မိပါတယ်။ ကျန်တဲ့လူတွေလည်း စိုးရိမ်နေကြပါတယ်။ ဒီလူသုံးယောက်ကို ဘယ်မှာထားတယ်ဆိုတာ အရမ်းသိချင်ပါတယ်” ဟု ဆိုသည်။

၎င်းတို့သုံးဦးနှင့်ပတ်သက်၍ လုံလောက်သော သက်သေအထောက်ထား မတွေ့ရှိသည့်အတွက်ကြောင့် ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း လမူးစခန်းမှူးမှ တောင်ကုတ်ခရိုင်တရားရုံးသို့ လိပ်မူကာ စာတစ်စောင်နှင့် ရမန်ဖိုင်များကို မေလ ၂၅ရက်နေ့က တင်ပြခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ဆိုသည်။

ထို့ပြင် မေ ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ် ကိုလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာရဲတပ်ဖွဲ့က လာရောက်ခေါ်ယူသွားခဲ့ပြီးနောက် နေ့လည် ၃နာရီခန့်တွင် မအီစခန်းမှူးက တရားလိုပြုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်လှစ်ကာ တောင်ကုတ်မြို့နယ်တရားရံုံးမှ ချုပ်ရမန်ရယူခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

“မအီဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော့ကို ၅၀(ဈ)နဲ့ တရားစွဲတယ်။ ကျနော်ကတော့ ဘာမှမသိပါဘူး။ ကျနော်ကတော့ ဥပဒေလမ်းကြောင်းကပဲ ဆက်သွားဖို့ ဆန္ဒရှိတယ်။ အမှန်တရားပေါ်ပေါက်စေချင်တယ်။ ကျနော့်ဘက်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ်။ ကျနော့်အတွက်ရော တရားဥပဒေမျှတရေး အတွက်ရောပေါ့” ဟု ဦးစည်သူကျော်ဇံ က ဆိုသည်။

ဦးဇေယျကျော်ပါ ၃ ဦးကို နောက်ထပ်ပုဒ်မတစ်ခုဖြင့် ဖမ်းဆီးထားသည့် ကိစ္စအပါအဝင် နောက်ထပ် ဖမ်းဆီးထားသည့် ဦးစည်သူကျော်ဇံတို့၏ ကိစ္စနှင့် ပတ်သက်၍ DMG က တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်မေးမြန်းသည့်အခါ ထိုကိစ္စမှာ နေပြည်တော်မှ တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်သည့်အတွက် တိတိကျကျ မပြောနိုင်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ဗီဒီယိုများ