၂ နှစ်ခန့်ကြာတရားရင်ဆိုင်နေရသည့် တောင်ကုတ်ဒေသခံ ၆ ဦးအမှုတွင် တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့

ရခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၆ ဦး၏အမှုတွင် တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့လိုက်ရကြောင်း ရှေ့နေထံမှသိရသည်။

03 Jun 2022

DMG ၊ ဇွန် ၃

ရခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၆ ဦး၏အမှုတွင် တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့လိုက်ရကြောင်း ရှေ့နေထံမှသိရသည်။

အဆိုပါအမှုမှ တရားလိုဖြစ်သည့်စစ်တပ်အရာရှိများမှာ ရုံးချိန်းလာရောက်နိုင်ခြင်းမရှိ၍ ယမန်နေ့(ဇွန်လ ၂ ရက်)က video conferencing စစ်ဆေးရန် ရုံးချိန်းခဲ့သော်လည်း မစစ်ဆေးနိုင်ခဲ့ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုကပြောသည်။

"လိုပြသက်သေတွေက စစ်တပ်အရာရှိတွေဖြစ်တဲ့အတွက် မလာနိုင်ကြလို့ သူတို့ရောက်နေတဲ့နေရာကနေ Video Conferencing နဲ့စစ်ဆေးဖို့ တရားရုံးကလုပ်ပေးထားတယ်။ ဒီတစ်ခေါက်တော့ တရားလိုတွေမှာ အခက်အခဲရှိတဲ့အတွက် မစစ်လိုက်ရဘူး။ နောက်ထပ်ရုံးချိန်းမှာစစ်ဖို့ ထပ်ချိန်းထားတယ်"ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကဆိုသည်။

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုဌေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်တို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည်။

၎င်းတို့ ၆ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ခလရ(၂၇)မှ အရာရှိတစ်ဦးနှင့် ခလရ(၅၁)မှအရာရှိတစ်ဦးတို့က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ဈ)၊ ၅၀(ည)တို့နှင့်တရားစွဲဆိုထားသည်။

လက်ရှိမှာ တောင်ကုတ်ဒေသခံ ၆ ဦး အမှုရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီဖြစ်သော်လည်း တရားလိုသက်သေများကိုစစ်ဆေးမှု မပြီးပြတ်သေးဘဲ တရားလို ၂ ဦး၊ အမှုစစ် ၁ ဦးနှင့် လိုပြသက်သေ ၁ ဦးတို့ စစ်ဆေးရန်ကျန်ရှိနေသေးကြောင်း ရှေ့နေထံမှ သိရသည်။

ယခုကဲ့သို့ အမှုကြန့်ကြာနေ၍ ဖမ်းဆီးချုပ်နှောင်ခံထားရသူများအတွက် နစ်နာမှုရှိသည်ဟု ဖမ်းဆီးခံထားရသည့် ကိုသန်းနိုင်၏ ညီမ မသန်းသန်းဆင်ကပြောသည်။

"အမှုက စစ်ဖို့ရုံးချိန်းလိုက် ပျက်သွားလိုက်နဲ့ ၂ နှစ်ကျော်ကြာနေပြီ။ အဲဒါကြောင့် ကျမတို့ဖက်ကလဲ တော်တော်နစ်နာမှုရှိနေပြီ။ ရုံးချိန်းတိုင်းကိုလာရတဲ့ ကုန်ကျငွေကလဲမလွယ်ဘူး"ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာ၊ ကမာကျေးရွာနှင့် ဆားပြင်ကျေးရွာတို့မှ ဒေသခံ ၉ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ယင်းအထဲမှ ၃ ဦးမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် NCA (၆)နှစ်ပြည့်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကျန် ၆ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံထားရသူများထဲမှ လူဦးရေ ၇၀ ခန့်မှာ ယနေ့အထိမလွတ်မြောက်သေးဘဲ အကျဉ်းထောင်အသီးသီးတွက် ဆက်လက်ချုပ်နှောင်ခံနေကြရဆဲဖြစ်သည်။

ဗီဒီယိုများ