ALP အဖွဲ့ဝင်တစ်ဦးကို အမည်မသိလူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ပါတီဝင်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာနေ ဦးဝင်းလှိုင်အား အမည်မသိလူတစ်စု နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

By မျိုးမြင့်ဇော် 03 Jun 2020



မျိုးမြင့်ဇော် | DMG
ဇွန် ၃ ၊ သံတွဲ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ပါတီဝင်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာနေ ဦးဝင်းလှိုင်အား အမည်မသိလူတစ်စု နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

မေလ ၃၁ ရက် ညနေ ၈ နာရီကျော်အချိန်တွင် အရပ်ဝတ်ဖြင့်အမည်မသိလူ ၅ ဦးမှ နေအိမ်သို့လာရောက်ကာ ဦးဝင်းလှိုင်အား လက်ထိပ်ခတ်ပြီးဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက DMG သို့ ပြောသည်။

“အရပ်ဝတ်နဲ့ သေနတ်၊ ဓါးကိုင်ပြီးတော့ လူ ၅ ယောက် ကျမယောကျာ်းကိုလက်ထိပ်ခတ်ပြီးတော့ ဖမ်းသွားတယ်။ သူတို့က စစ်ဆေးစရာရှိလို့ ခေါ်ယူတာဖြစ်တယ်လို့ပြောသွားတယ်” ဟု ဒေါ်‌ဌေးဌေးဝင်းက ဆိုသည်။

ယင်းနေ့က လက်နက်များကိုင်ဆောင်ထားသည့် လူ ၁၀ ဦးသည် ဆားပြင်ကျေးရွာအတွင်းသို့ ဆိုင်ကယ် ၅ စီးဖြင့်ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်နှင့် ဦးဝင်းလှိုင်၏နေအိမ်တို့ကို ဝင်ရောက်ရှာဖွေခဲ့ရာ အုပ်ချုပ်ရေးမှူးအားမတွေ့ရှိခဲ့ဘဲ ဦးဝင်းလှိုင်အားတွေ့ရှိ၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်ကျေးရွာသား တစ်ဦးက ပြောသည်။

“သူတို့က မျက်နှာတွေဘာတွေ ဖုံးထားတာမရှိဘဲ နှစ်ဖွဲ့ခွဲပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်နှင့် အပ်စိုက်ဆရာအိမ်ကို တစ်ပြိုင်တည်း ဝင်ရောက်ခဲ့တာဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

ဦးဝင်းလှိုင်ကို အမည်မသိလူတစ်စုခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ဇွန်လ ၁ ရက်နေ့ ည ၈ နာရီခန့် အချိန် တွင် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (National Security Organization - Taungup Township)ဆိုသည့် Facebook Page တစ်ခုမှ ဦးဝင်းလှိုင်နှင့်ပတ်သက်သည့် ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ဦးဝင်းလှိုင်အား ၎င်းတို့အဖွဲ့အစည်းမှခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

“အဖွဲ့၏ လုပ်ဆောင်ချက်အတိုင်း ခေါင်းရောင်း၊ ခေါင်းဝယ်စနစ်ဖြင့် သုတ်သင့်လိုက်ပြီ”ဟု ၎င်းအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။ အဆိုပါ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းဆိုသည့် Facebook Page ကို မည်သူက ကိုင်တွယ်နေသည်ကို မသိရှိရပေ။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း၏ထုတ်ပြန်ချက်တွင် ဦးဝင်လှိုင်သည် မတူညီသော ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားရေးတို့တွင် စိတ်ခံစားမှုအတိုင်း ဆားပြင်အုပ်စုနှင့် အခြား နယ်မြေများအတွင်း ဖမ်းဆီးခံထားရသူများ၊ ထွက်ပြေးတိမ်းရှောင် နေသူများ၊ ပါတီစုံ ခေါင်းဆောင်များ အချင်းချင်း ထိခိုက်နစ်နာစေရန် နိုင်ငံရေး၊ စစ်ရေးပရိယာယ်များသုံးကာ လုပ်ကြံသတင်းပေး၊ လုပ်ကြံသတင်းယူ ပြုမူခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ဆားပြင်ကျေးရွာအတွင်း အခြားပုဂ္ဂိုလ် (၄)ဦးတို့အားလည်း အမြင်ကွဲပြားမှု အပေါ် ထပ်ဆင့်အယုံသွင်းကာ ယခုကာလအထိ လက်တွဲလုပ်ကိုင် နေကြောင်း ၎င်းမှဝန်ခံသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ DMG မှ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်အား ဆက်သွယ်မေမြန်းခဲ့ရာ ၎င်းက“သူတို့သတ်တယ်ဆိုလည်း အလောင်းတွေ့မှာလေ။ အခုက ဆေးကုသဖို့ဆိုပြီးလာခေါ်တယ်။ သတ်တာလား မသတ်ဘူးလား။ သူတို့ကတစ်ဖွဲ့တည်းလား၊ သတ်လိုက်ပြီပဲဖြစ်စေ သူတို့ရေးတဲ့အရေးအသားအရတော့ AA နဲ့ တစ်ထပ်တည်းပဲ အကြမ်းဖက်အဖွဲ့အစည်းပဲပေါ့”ဟု ပြောသည်။

ဦးဝင်းလှိုင်ဖမ်းဆီးခံရသည့်ကိစ္စအား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP/ALA)က ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် တောင်ကုတ်မြို့နယ်တွင်နေထိုင်သည့် ALP ပါတီဝင် ခိုင်ဝင်းလှိုင်အား (ULA/AA) အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်တစ်နေ့တွင် “တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း”မှ ခေါင်းရောင်းခေါင်းဝယ်စနစ်ဖြင့် သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သဖြင့် ခိုင်ဝင်းလှိုင်၏ဘဝသည် ယင်းထုတ်ပြန်ချက်အတိုင်း မဟုတ်ပါစေနှင့်ဟု မိမိတို့မှ ဆုတောင်းသည်ဟု ပါရှိသည်။

အဆိုပါလုပ်ရပ်များသည် ရခိုင်အမျိုးသားအချင်းချင်းကြား လုံးဝမဖြစ်ပေါ်အပ်သည့် ဖြစ်ရပ်များပင်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကိုလည်း ပြင်းထန်စွာရှုတ်ချသည်ဟု ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်(အေအေ)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယင်းကဲ့သို့ဖမ်းဆီးထားမှုလည်းမရှိဟုဆိုပြီး “National Security Organization(NSO)” အဖွဲ့မှာလည်း မည်သူက ဦးစီးနေသည့်အဖွဲ့မျိုး ဖြစ်သည်ကို မသိရဟု Myanmar Now သတင်းဌာနသို့ ပြောဆိုထားသည်။

ဗီဒီယိုများ