အကြမ်းဖက်ဥပဒေနှင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ်ဒေသခံ ၆ ဦးအမှု ၂ နှစ်ခန့်ကြာသည့်တိုင် တရားလိုကို မစစ်ဆေးနိုင်သေး

ရခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် တောင်ကုတ်မြို့နယ်မှဒေသခံ ၆ ဦးအမှုမှာ ၂ နှစ်ကြာမြင့်လာသော်လည်း တရားလိုကို စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ အမှုမှာကြန့်ကြာနေရကြောင်း မိသားစုဝင်များနှင့် ရှေ့နေတို့ထံမှသိရသည်။

06 May 2022

DMG ၊ မေလ ၆

ရခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် တောင်ကုတ်မြို့နယ်မှဒေသခံ ၆ ဦးအမှုမှာ ၂ နှစ်ကြာမြင့်လာသော်လည်း တရားလိုကို စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ အမှုမှာကြန့်ကြာနေရကြောင်း မိသားစုဝင်များနှင့် ရှေ့နေတို့ထံမှသိရသည်။

တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း (ခ) ငမော့၊ ကိုဌေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်တို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည်။

၎င်းတို့ ၆ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ခလရ(၂၇)မှ အရာရှိတစ်ဦးနှင့် ခလရ(၅၁)မှ အရာရှိတစ်ဦးတို့က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ဈ)၊ ၅၀(ည)တို့နှင့် တရားစွဲဆိုခဲ့သဖြင့် အမှုရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

အမှုတွင် အရပ်ဖက်လိုပြသက်သေများကိုသာစစ်ဆေးနိုင်သေးပြီး တရားလိုမှာ ရုံးချိန်းလာရောက်ခြင်းမရှိသဖြင့် လာမည့်ရုံးချိန်းတွင် ထပ်မံခေါ်ယူထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုကပြောသည်။

“တရားလိုကိုစစ်ဖို့ခေါ်တာက တော်တော်ကြာနေပြီ။ သူမရောက်လာဘူး။ အဲဒီအတွက်ကြောင့် အရပ်ဖက်က လိုပြသက်သေ ၆ ယောက်ကို စစ်ပြီးပြီ။ အခုလာမယ့်ရုံးချိန်းမှာ ရဲဖက်ကလိုပြသက်သေတွေကို စစ်မှာဖြစ်တယ်။ တရားလိုကိုလဲခေါ်ထားတယ်။ သူတို့ရောက်လို့စစ်ရရင်တော့ လိုပြသက်သေပြီးတော့မှာဖြစ်တယ်”ဟု ဦးတင်ညိုကဆိုသည်။

ထိုသို့အမှုကြန့်ကြာနေရသည့်အတွက် ဖမ်းဆီးခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ဆားပြင်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုသန်းနိုင်၏ ညီမ မသန်းသန်းဆင်ကတောင်းဆိုသည်။

“ဖမ်းဆီးခံရတာကလဲ ၂ နှစ်ထိရှိနေပြီ။ တရားရုံးက လိုပြသက်သေတွေကိုခေါ်တာကလဲ တစ်ခါမှအစစ်ခံဖို့ မရောက်ကြဘူး။ အဲဒါကြောင့် အခုဖမ်းဆီးခံထားရတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

ချက်ပေါက်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကိုကျော်တင်အောင်၏ ဖခင် ဦးငနီပုကလည်း ၂ နှစ်ခန့် ကြာသည့်တိုင် သားဖြစ်သူရုံးချိန်းသို့သွားရသဖြင့် ငွေကြေးအကုန်အကျများကာ အခက်အခဲ ဖြစ်လာနေရသည်ဟု ပြောသည်။

“ရုံးချိန်းတစ်ခါသွားရင် ခြောက်သောင်းလောက်ကုန်ကျတယ်။ ဦးလေးတို့အနေနဲ့ အရင်တုန်းကတော့ ရုံးချိန်းတွေကိုသွားတွေ့တယ်။ အခုနောက်ပိုင်း အလုပ်အကိုင်ကလဲအဆင်မပြေတော့ သားနဲ့တွေ့ဖို့ သွားချင်တာတောင် မသွားနိုင်တော့ဘူး”ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာ၊ ကမာကျေးရွာနှင့် ဆားပြင်ကျေးရွာတို့မှ ဒေသခံ ၉ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ယင်းအထဲမှ ၃ ဦးမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် NCA (၆)နှစ်ပြည့်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထိုအထဲမှ ကျန် ၆ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ၎င်းတို့အမှုကို လာမည့်မေလ ၁၁ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မလွတ်မြောက်သေးသူ ၁၀၀ ကျော်ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းကိုကောက်ယူနေသည့် အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။ လက်ရှိအချိန်ထိလည်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရသူများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ဗီဒီယိုများ