တောင်ကုတ်၊ ဆားပြင် ကျေးရွာသား ၅ ဦးကို ပထမအကြိမ်ရုံးထုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ (ANP)ဥက္ကဋ္ဌ ဦးပြုံးချိုအပါဝင် (၅)ဦးကို မေလ ၂၂ ရက် နေ့ နေလည်ပိုင်းက တောင်ကုတ်မြို့နယ်တရားရုံးတွင် ပထဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

By မျိုးမြင့်ဇော် 23 May 2020

မျိုးမြင့်ဇော် | DMG
မေ ၂၂ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ (ANP)ဥက္ကဋ္ဌ ဦးပြုံးချိုအပါဝင် (၅)ဦးကို မေလ ၂၂ ရက် နေ့ နေလည်ပိုင်းက တောင်ကုတ်မြို့နယ်တရားရုံးတွင် ပထဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

ယင်းသို့ရုံးထုတ်ရာတွင် တရားလိုဖြစ်သူကို စတင်စစ်ဆေးရမည်ဖြစ်သော်လည်း တရားလိုမှ တရားရုံးသို့ မလာ ရောက်သဖြင့် ဇွန်လ ၅ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။

“ဒီနေ့က တရားလိုတစ်ဦးတည်းကိုချိန်းထားတယ်။ တရားလိုက အဝေးမှာလည်းရှိတာမဟုတ်ဘူး။ တောင်ကုတ် မြို့ စစ်ဆင်ရေးကွပ်ကွဲမှူးဌာနချုပ် အမှတ် (၅)ကဗိုလ်မှူးတစ်ဦးဆိုတော့ တောင်ကုတ်တရားရုံးကို လာမယ် ဆိုရင်လည်းလာလို့ရပါတယ်။ သို့သော် အခုလိုပထမတစ်ကြိမ်မလာဘူး၊ ဒုတိယတစ်ကြိမ်ပျက်ကွက်ရင်လည်း ပျက်ကွက်လို့ရသေးတယ်။ ဒါပေမယ့် တတိယမှာတော့မဖြစ်မနေလာရမှာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဆိုသည်။

၎င်းတို့ ၅ ဦးအား တောင်ကုတ်မြို့ အမှတ်-၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှ ဗိုလ်မှူးမြင့်ဇော်အောင်က တရား လိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယခုအမှုတွင် တရားလိုသက်သေ ၂၆ ဦးတင်သွင်းပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသား များလည်းပါဝင်ကြောင်း ဦးတင်ညိုက ဆိုသည်။

တရားရင်ဆိုင်နေရသူများအထဲတွင် ကျန်းမာရေးမကောင်းသူများလည်းပါဝင်ပြီး ရုံးထုတ်ရာတွင် တရားလို ရောက်ရှိလာခြင်းမရှိသည့်အတွက် အမှုတွင်နစ်နာမှုရှိနေကြောင်း စွပ်စွဲခံထားရသူများ၏ မိသားစုဝင်များက ဆိုသည်။

“ဒီနေ့ကတရားလိုကိုစစ်ရမဲ့နေ့ပါ။ တရားလိုမရောက်လာတဲ့အတွက် ကျွန်မတို့မိသားစုတွေ လုံးဝစိတ်မကောင်း ပါဘူး။ ရင်နာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမန်ကြီးကနှစ်ပတ်ချုပ်ပြီးပြီး၊ ရမန်ငယ်ကလည်း တစ်ပတ်ယူခဲ့ ပြီးပြီ။ ဒါကြောင့်ဒီအပတ်မှာ တရားလိုကိုရောက်စေချင်တာပါ။ တရားလိုကမရောက်ပါ” ဟု ဦးပြုံးချို၏ ညီမ မသန်းသန်းဝင်းက ပြောသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးထဲမှ ဦးပြုံးချိုနှင့် ဦးသန်းနိုင်တို့မှာ ကျန်းမာရေးမကောင်းဖြစ်နေသည်ဟုလည်း မိသားစု ဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ ဦးလှဖြူ၏ဇနီး ဒေါ်မာလာက “ကျမယောက်ကျားကို မတရားဖမ်းဆီးထားတဲ့အတွက် အရမ်းကို ခံစားရပါတယ်။သူ့ကိုလည်း အမြန်လွတ်စေချင်ပါတယ်။ အခုဟာက အချိန်ဆွဲထားသလိုဖြစ်နေတယ်။ ကျမ ယောကျ်ားက လယ်လုပ်၊ ဈေးရောင်းလုပ်စားနေတာဖြစ်တယ်”ဟု ဆိုသည်။

ဆားပြင်ကျေးရွာမှ (ANP)ဥက္ကဋ္ဌ ဦးပြုံးချိုအပါဝင် (၅)ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ် သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းတို့ ၅ ဦးအား မေလ ၇ ရက်နေ့တွင် တရားစွဲတင်ခဲ့ရာ အထောက်အထားခိုင်လုံမှုမရှိသဖြင့် တရားရုံးမှ ပြန်လွှတ်ပေးခဲ့ပြီး ယင်းနေ့တွင်ပင် ၎င်းတို့ ၅ ဦးအား မအီနယ်မြေ၌ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးခဲ့သည်။

ဗီဒီယိုများ