အကြမ်းဖက်ဥပဒေဖြင့် စွပ်စွဲခံရပြီး ပြန်လွတ်လာသည့် တောင်ကုတ်ဒေသခံ ၅ ဦးကို ဗုံးခွဲမှုဖြင့် ထပ်မံချုပ်နှောင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကျေးရွာသား ၅ ဦးမှာ အကြမ်းဖက်ဥပဒေဖြင့် စွပ်စွဲခံရ မှုမှ ပြန်လည်လွတ်လာသော်လည်း ဗုံးဖောက်ခွဲမှုဖြင့် ထပ်မံချုပ်နှောင်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

08 May 2020

ခင်သရဖီဦး | DMG
မေ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကျေးရွာသား ၅ ဦးမှာ အကြမ်းဖက်ဥပဒေဖြင့် စွပ်စွဲခံရ မှုမှ ပြန်လည်လွတ်လာသော်လည်း ဗုံးဖောက်ခွဲမှုဖြင့် ထပ်မံချုပ်နှောင်ခံလိုက်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူ ၅ ဦးမှာ ဆားပြင်ကျေးရွာမှ ကိုပြုံးချို၊ ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်နှင့် ကိုလှဖြူတို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ယမန်နေ့(မေလ ၇ ရက်)တွင် တရားစွဲတင်ခဲ့ရာ အထောက်အထားခိုင်လုံမှုမရှိဟု ဆိုပြီး တရားရုံးက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လွှတ်ပေးလိုက်ပြီးနောက် ၎င်းတို့ ၅ ဦးကို မအီမြို့တွင် ဗုံးပေါက်ကွဲမှုဖြင့် သံသယရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုကပြောသည်။

“တောင်ကုတ်တရားရုံးကတော့ ပယ်ချလိုက်တယ်။ သူတို့ကို အမှုမမြောက်ဘူးဆိုပြီးတော့ ပယ်ချလိုက်တယ်။ ရဲကနေပြီးတော့ သူတို့ကို နောက်ထပ် စစ်ဆေးစရာရှိသေးတယ်ဆိုပြီးတော့ ထပ်မံရမန်ခေါ်တယ်” ဟု ၎င်းကပြောသည်။

၎င်းတို့ကို တပ်မတော်မှ စစ်ဆေးခဲ့ပြီးနောက် လမူးရဲစခန်းတွင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ကို အကြမ်းဖက်နဲ့ အမှုဖွင့် ရမန် ၂ ပတ်ယူတယ်။ ရမန် ၂ ပတ်ယူတော့ တရားစွဲတင်ရမယ်။ တရားစွဲ တင်စရာ အထောက်အထားမရှိတဲ့အတွက်ကြောင့် လွှတ်ပေးလိုက်တယ်။ လွှတ်ပေးပြီးတော့ နောက်ထပ် တစ်နာရီလောက်ကြာတော့ သူတို့ကို ထပ်ပြီးချုပ်ရမန်ယူတာဖြစ်တယ်”ဟု ရှေ့နေ ဦးတင်ညိုက ပြောသည်။

ရဲတပ်ဖွဲ့မှ ၎င်းတို့ ၅ ဦးကို ထပ်မံစစ်ဆေးရန် ချုပ်ရမန်တောင်းရာတွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ချုပ်ရမန် ၄ ရက်ပေးလိုက်သဖြင့် မေလ ၁၁ ရက်နေ့တွင် ချုပ်ရက်ပြည့်မြောက်မည်ဖြစ်သည်။

ဗီဒီယိုများ