တပ်ကပစ်သည့် လက်နက်ကြီးကြောင့် ဘူးသီးတောင် NLD ဥက္ကဋ္ဌသေဆုံးသွားဟု AA ပြောကြားချက် တပ်မတော်ငြင်းဆို

AA က ထုတ်ပြန်သကဲ့သို့ ဦးရဲသိန်းမှာ တပ်မတော်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သေဆုံးခြင်းမဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

By ဝင်းညွန့် 26 Dec 2019

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၂၆ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားသည့် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းမှာ လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု AA က ဒီဇင်ဘာလ ၂၅ ရက်နေ့ ညဉ့်အချိန်တွင် သတင်းထုတ်ပြန်သည်။

မြန်မာ့တပ်မတော် စကခ(၁၅) ဘူးသီးတောင်တပ်မဌာနချုပ်မှ ပွိုင့်-၄၂၈ ကုန်းအား လက်နက်ကြီးများဖြင့် ရက်ဆက်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ရာ ဒီဇင်ဘာ ၂၅ နေ့ နေလယ် ၃ နာရီအချိန်ခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် AA က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ ဦးရဲသိန်းသေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

“စကခ(၁၅) စစ်ဌာနချုပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတစ်လုံးက ဦးရဲသိန်းနဲ့ အနီးကပ်နေရာမှာ ပေါက်ကွဲပြီးတော့ သူခန္ဓာကိုယ်ကလည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ ကျနော်တို့က ရသမျှသူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်တယ်။ သူ့ကို လုံခြုံရေးစောင့်ရှောက်နေတဲ့ ကျနော်တို့တပ်သားတချို့ ထိခိုက်မှုတွေရှိတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ဦးရဲသိန်းမှာ မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းစသည့် စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန်အတွက် နယ်သို့ဆင်း၍ ပါတီအဖွဲ့ဝင်များကို စည်းရုံးရေးဆင်းစဉ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ထောက်ခံပွဲလည်း ပျက်သွားခဲ့သည်။

AA က ထုတ်ပြန်သကဲ့သို့ ဦးရဲသိန်းမှာ တပ်မတော်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သေဆုံးခြင်းမဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒါက တမင်သက်သက် ဝါဒဖြန့်တာလို့ပဲထင်တယ်။ ကျနော်တို့ရထားတဲ့ သတင်းအရဆိုရင်တော့ AA က NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းသွားပြီးတော့ တစ်ရက်၊ နှစ်ရက်လောက်နေရင် သတ်ပစ်လိုက်တယ်လို့ ကြားတယ်။ အခုကျမှ AA ရှိတဲ့နေရာကို ကျနော်တို့ပစ်တဲ့အခါကျမှ အဲဒီလူသေတဲ့ဆိုတာကတော့ တမင်ကိုပြောတဲ့သဘောဖြစ်မယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

လက်ရှိမှာ ဦးရဲသိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းများထွက်ပေါ်နေသော်လည်း သူသေဆုံးမှုအား တိကျစွာ သိချင်ကြောင်း ဦးရဲသိန်း၏ ညီဖြစ်သူက ဦးအောင်ကိုဆွေက ပြောသည်။

“ကျနော်တို့လည်း ပြောသံကြားတယ်။ အတိအကျတော့မသိသေးဘူး။ သေတယ်ဆိုရင်လည်း သေတဲ့အကြောင်း အတိအကျသိချင်တယ်။ တကယ်သေတယ်ဆိုရင် သေတဲ့ပုံနဲ့တကွ တင်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း AA က နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

Related Post : ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲစီစဉ်သူ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံး၊ ထောက်ခံပွဲပျက်သွား

ဗီဒီယိုများ