တန်းလွဲရွာမမြို့မှ ULA တာဝန်ခံများကို မြန်မာစစ်တပ်ကရှာဖွေ

တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့တွင် ULA မှ တာဝန်ခံများရှိ၊ မရှိကို မြန်မာစစ်တပ်မှ ရှာဖွေမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

17 May 2022

DMG ၊ မေ ၁၇

တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့တွင် ULA မှ တာဝန်ခံများရှိ၊ မရှိကို မြန်မာစစ်တပ်မှ ရှာဖွေမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၆ ရက်နေ့မှ တန်းလွဲရွာမမြို့အဝင်/အထွက်နေရာများတွင် စစ်တပ်အင်အား ၅၀ ခန့်က လမ်းသွားလမ်းလာများကိုခေါ်ယူကာ ULA/AA တာဝန်ခံများရှိ၊ မရှိကို မေးမြန်းမှုများရှိသည်ဟု ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ဒေသခံတစ်ဦးကပြောသည်။

“မြို့ဝင်မြို့ထွက်ကလူတွေကိုခေါ်ပြီး ဒီမှာ AA တာဝန်ခံတွေရှိလား။ သူတို့တွေကိုသိလားမေးတယ်။ စစ်ဆေးတဲ့ တပ်အင်အားကတော့ ၅၀ လောက်ရှိတယ်။ အရင်တုန်းက မြို့ဖက်ကိုတပ်တွေလာပေမဲ့ အခုလိုစစ်ဆေးတာတွေ မရှိခဲ့တော့ အခုစစ်ဆေးတာကို မြို့ပေါ်ကလူတွေကစိုးရိမ်နေကြတယ်”ဟု ၎င်းကဆိုသည်။

ယခုစစ်ဆေးနေသောတပ်ရင်းမှာ တောင်ကုတ်မြို့ (၅၄၄)တပ်ရင်းမှဖြစ်ပြီး ညဉ့်အချိန်များတွင် တန်းလွဲရွာမမြို့အတွင်း ဝင်/ထွက်သွားလာမှုများရှိကြောင်းလည်း ၎င်းဒေသခံကဆက်ပြောသည်။

လက်ရှိတွင် စစ်ဆေးမှုများတင်းကြပ်လာမှုကြောင့် တန်းလွဲရွာမမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လူငယ်အချို့မှာ စိုးရိမ်ပြီးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

“ကျနော်တို့ဆိုရင် ရှောင်နေရတယ်။ လူငယ်တွေကိုချည်းဘဲ ခေါ်စစ်နေတာဆိုတော့ လမ်းကိုလဲမထွက်ရဲကြဘူး။ ရွာတွေကိုတော့ ဝင်ပြီးတော့ဘဲသွားတယ်၊ အိမ်တွေကိုတော့ ဝင်မစစ်ဘူး”ဟု တိမ်းရှောင်နေရသည့် လူငယ်တစ်ဦးကပြောသည်။

ယခုမေလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာသို့ မြန်မာစစ်တပ်က ဝင်ရောက်လာပြီး ULA ကျေးရွာတာဝန်ခံများကို ရှာဖွေမှုများရှိခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ AA နှင့်ပတ်သက်ပြီး စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပါက မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။

ဗီဒီယိုများ