စစ်ပွဲကာလက ပျောက်ဆုံးတင်းမရွာသား ၁၈ ဦးကိစ္စကို ကော်မရှင်ဖွဲ့စစ်ဆေးသည်ဆိုသော်လည်း ၂ နှစ်ကျော် ကြာသည့်တိုင် ထူးခြားမလာသေး

တပ်မတော်ကဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာသား ၁၈ ဦးကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးသည်ဆိုသော်လည်း လက်ရှိအချိန်ထိ ၂ နှစ်ကျော်ကြာသည့်တိုင် တစုံတရာထူးခြာမလာသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

17 Mar 2022

တင်းမကျေးရွာမှ ပျောက်ဆုံးသွားသူများထဲတွင် ပါဝင်သူအချို့အား တွေ့ရစဉ်။

DMG ၊ မတ် ၁၇

တပ်မတော်ကဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာသား ၁၈ ဦးကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးသည်ဆိုသော်လည်း လက်ရှိအချိန်ထိ ၂ နှစ်ကျော်ကြာသည့်တိုင် တစုံတရာထူးခြာမလာသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါကိစ္စအား အစိုးရဖက်မှ စုံစမ်းစစ်ဆေးပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၀၊ ဒီဇင်ဘာလကစတင်၍ မြောက်ဦးခရိုင်ရဲစခန်းမှ စခန်းမှူးအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်း၍ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ခေါ်ယူစစ်ဆေးခဲ့သည်။

သို့သော် ယနေ့အချိန်ထိ ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး ထူးခြားမှု တစုံတရာမရှိသေးသည့်အတွက် မိသားစုဝင်များက အားမလိုအားမရဖြစ်နေကြသည်။

တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက “ကော်မရှင်ဖွဲ့ကတည်းက တခါပဲ စစ်ဆေးဖူးတယ်။ မိသားစုဝင်တွေက မကြာခဏသွားမေးတော့လည်း သူတို့ဘာမှမသိဘူးလို့ပြောတယ်။ ပြီးတော့ ဒီကိစ္စက ပျောက်သွားတယ်။ ကျနော်တို့ကတော့ အဆုံးအထိစစ်ဆေးပေးစေချင်တာပေါ့။ ကျနော့်သားအပါအဝင် ပျောက်နေတဲ့သူတွေက ရှိသေးလား၊ သေသွားပြီလားဆိုတာ အခုချိန်ထိ စိုးရိမ်နေရတယ်”ဟု DMG ကို ပြောသည်။

သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးမည်ဟုဆိုကာ ယနေ့အချိန်ထိ တစုံတရာလုပ်ပေးခြင်းမရှိသေးသည်မှာ လုံးဝမဖြစ်သင့်ကြောင်း ပျောက်ဆုံးနေသည့် ကိုမောင်ကြည်လင်း၏အစ်မဖြစ်သူ မမြဝင်းကြည်က DMG ကို ပြောသည်။

“မိသားစုဝင်တွေအနေနဲ့လည်း ဘယ်လောက်ပဲသွားမေးမေး မထူးတော့ စိတ်ပျက်တာပေါ့။ အထက်လူကြီးတွေ အနေနဲ့ စုံစမ်းစစ်ဆေးပေးမယ်ဆိုပြီး အခုလို တဝက်တပျက်နဲ့ ပျောက်သွားတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့ မြင်တယ်။ အခုအချိန်ထိ ကျမမောင်လေးအကြောင်းပဲတွေးပြီး စိတ်ပင်ပန်းနေရတာ”ဟု သူမကပြောသည်။

မိသားစုဝင်များအနေဖြင့် ပျောက်ဆုံးနေသူတို့မှာ သေဆုံးသွားပြီဆိုပါက သေဆုံးသွားကြောင်း အတည်ပြုသိရရန်နှင့် သက်ရှိထင်ရှားရှိနေသေးသည်ဆိုပါက မည်သည့်ရဲစခန်း၊ မည်သည့်ထောင်၌ ရှိနေသည်ကို သိရှိလိုကြသည်။

အဆိုပါ စုံစမ်းစစ်ဆေးနေသည့်ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားမှုအခြေအနေတို့ကို သိရှိရန်အတွက် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့အား DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

အလားတူ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ရာတွင်လည်း အစည်းအဝေးတက်ရောက်နေ၍ မအားသေးကြောင့် တုန့်ပြန်ပြောဆိုသည်။

တပ်မတော်မှဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသည့် တင်းမကြီးကျေးရွာသားများမှာ ဦးထွန်းဝင်းမောင်၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ ၊ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ မောင်ထွန်းထွန်းဝေ၊ ကိုနေလင်းဦးနှင့် တင်းမ(သစ်)ကျေးရွာမှ ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်၊ ဦးစောရွှေသန်းတို့ ဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။

၎င်းတို့နှင့်ပတ်သက်ပြီး မိသားစုဝင်များက စစ်တွေမြို့ရှိ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ မတ်လအတွင်းက မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များမှ တင်းမကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာသားများကို မိသားစုများ၏မျက်စိရှေ့မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ဖမ်းဆီးခံရပြီးနောက် ယနေ့ထိတိုင် သတင်းအစနမရရှိဘဲ ပျောက်ဆုံးနေခြင်းကြောင့် မိသားစုဝင်များက ၎င်းတို့နှင့်ပတ်သက်ပြီး ပူဆွေးသောကရောက်နေကြရသည်။

ဗီဒီယိုများ