ကျောက်တော်တွင် အရပ်သားများ သေဆုံး၊ဖမ်းဆီးခံရမှုများကို တပ်မတော်မလုပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ငြင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီလမှ ဧပြီလထိ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှုများမှာ တပ်မတော်မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှတဆင့် အကြောင်းပြန်ကြားလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

03 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီလမှ ဧပြီလထိ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှုများမှာ တပ်မတော်မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆိုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှတဆင့် အကြောင်းပြန်ကြားလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကျောက်တော်မြို့နယ်တွင် မတ်လအတွင်းက တင်းမရွာသစ်နှင့် တင်းမကြီးကျေးရွာမှ ရွာသားများကို ဖမ်းဆီးခံထားရမှုဖြစ်စဉ်အပါအဝင် အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း ၂၀ကို ဖြေရှင်းပေးရန် ကျာက်တော်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ် ၄ဦးမှ ၂၀၂၀ခုနှစ်၊ မတ်လ (၂၂ )ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထံသို့ ရောက်ရှိလာသော အကြောင်းပြန်စာတွင် တိုင်ကြားချက်များနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ စုံးစမ်းမေးမြန်းအကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။

တင်းမရွာသစ်နှင့် တင်းမကြီးကျေးရွာမှ ကျေးရွာသားများအား လုံးဝ(လုံးဝ) ဖမ်းဆီးထားခြင်းမရှိကြောင်း၊ ဖေဖော်ဝါရီလ အတွင်းက မုန့်သန်းပြင်ကျေးရွာအနီးတစ်ဝိုက်၌ စစ်ဆင်ရေးဆောင်ရွက်ခြင်း မရှိသည့်အတွက် အိမ်ခြေ ၅၀၊ မူလတန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများ၊ မီးလောင်ခြင်းမှာ အခြားအခြေအနေများကြောင့်သာ လောင်းကျွမ်းခြင်းဖြစ်နိုင်ကြောင်း စသည့် တိုင်ကြားချက်ပါ ဖြစ်စဉ်အားလုံးကို တပ်မတော်အနေဖြင့် ကျူးလွန်ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ကြားလာသည်ဟု လူ့အခွင့်အရေးကော်မရှင်ကဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကာယကံရှင်များ၏ တိုင်ကြားချက်၊ ထွက်ဆိုချက်များကို ရေးသားပြီး တိုင်း ကြားထားခြင်းဖြစ်သော်လည်း ကော်မရှင်အနေဖြင့် ကိုယ်တိုင်စစ်ဆေးခြင်းမရှိဘဲ တပ်ကိုမေးမြန်းပြီး ပြန်လည်ဖြေကြားလာမှုကို ပေးပို့ခြင်းသာဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာနကို လှမ်းမေးတယ်လို့သိရတယ်။ တပ်ကလည်း အောက်ခြေက ပေးပို့လာတဲ့သတင်းကို အခြေခံပြီးတော့ ဖြေမှာပေါ့ ၊တယောက်မှလည်း အောက်ခြေမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ဟုတ်တယ်၊ မှန်တယ် ဆိုပြီးတော့ တင်ပြချက် ရှိချင်မှရှိမှာ၊ ဆိုတော့ အဲဒီအောက်ခြေက တင်ပြချက် အပေါ်မှာ အခြေခံပြီးတော့ အထက်ကလည်း ငြင်းတယ်ဆိုတဲ့အနေအထာမျိုးပေါ့ ” ဟု ၎င်းကပြောသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရသူများကို ကိုယ်တိုင်စစ်ဆေးခြင်းများကို လုပ်ဆောင်နိုင်သော်လည်း တစ်ဖက်မှဖြေသည့်အသံမျိုးဖြင့် အဆုံးသတ်သွားသည့် အခြေအနေဖြစ်သည့်အတွက်လည်း လူ့အခွင့်အရေးကော်မရှင်ကို စိတ်ပျက်မိကြောင်း ဦးဦးထွန်းဝင်းက ဆိုသည်။

“အမှန်တကယ် ထိခိုက်နစ်နာတဲ့လူတွေကို လှမ်းပြီးတော့ စုံစမ်းစစ်ဆေးတာတွေ၊ မေးမြန်းတာတွေမလုပ်ဘဲ၊ တပ်ကဖြေတာကိုပဲ သူတို့ ပြန်ပြီးတော့ သူတို့က မလုပ်ဘူးလို့ ငြင်းပါတယ်ဆိုတာနဲ့ပဲ လမ်းဆုံးနေတဲ့ အခြေအနေရှိတယ်။ ဒါကတော့ တစ်ဖက်သတ်အဖြေတွေပဲ ထွက်လာမှာပေါ့၊ နောက် တင်ပြချက်တွေကိုလည်း အောက်ခြေကို မမေးမစမ်းဘဲ တဖက်သတ်အခြေအနေနဲ့ပဲ လမ်းဆုံးသွားမယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အေနနဲ့လည်း အလွန်တရာ မှစိတ်ပျက်ဖို့ကောင်းတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်ပဲ နောက်ပိုင်းမှာ ပိုပြီးတော့ မြင်လာရတယ်ပေါ့ ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် သံသယဖြင့် ဖမ်းဆီး ခြင်းခံထားရသော အရပ်သားများ ပြန်လည်လွတ်မြောက်ရေးအတွက် သက်သေအထောက်အထာများဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် မိသားစုဝင်များက တိုက်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

တပ်မတော်က ရဲစခန်းများတွင် တိုင်ချက်ဖွင့်နိုင်ကြောင်း ပြောဆိုသော်လည်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များကမူ သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း ဆိုသည်။

ဗီဒီယိုများ