တပ်မတော်နှင့် AAတို့ အပစ်ရပ်လက်မှတ် ရေးထိုးကြရန် ချင်းပါတီတိုက်တွန်း

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယနေ့ မတ်လ ၁၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

By မြတ်ဆွေ 17 Mar 2020

မြတ်ဆွေ | DMG
မတ် ၁၇ ၊ ပလက်ဝ

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယနေ့ မတ်လ ၁၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပလက်ဝဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးရန် ထည့်သွင်းတိုက်တွန်းထားခြင်း ဖြစ်သည်။

“အပြန်အလှန် တိုက်နေတယ်၊ ခိုက်နေဆိုတာကတော့ အဖြေမဟုတ်ဘူးလေ။ အဖြေကတော့ နှစ်ဖက်စလုံးအပစ် အခတ်ရပ်စဲပြီးတော့ နိုင်ငံရေးစားပွဲခုံမှာ နိုင်ငံရေးဆွေးနွေးရမှာပေါ့လေ။ အမြန်ဆုံး ဘာအကြောင်းပြချက်မှ မထားဘဲနဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးသင့်တယ်”ဟု ပါတီ ပူးတွဲ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် DMG ကိုပြောသည်။

အစိုးရနှင့် AA ကြား အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ သဘောတူစာချုပ် (Bilateral) မရေးထိုးနိုင်လျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဟု နိုင်ငံရေး လေ့လာသူတစ်ချို့က သုံးသပ်ထားကြသော်လည်း တပ်နေရာချထားရေးကိစ္စတွင် သဘောထား ကွဲလွဲနေမှုကြောင့် Bilateral စာချုပ် ချုပ်နိုင်ရန် အခက်တွေ့နေသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG သို့ပြောဆို ထားသည်။

မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာနှင့် ဝက်မ၊ ပြိုင်တင် ကျေးရွာများကို တပ်မတော်က လေကြောင်းဖြင့်တိုက်ခိုက်သဖြင့် အရပ်သား (၂၁)ဦးသေဆုံးကာ (၂၇)ဦး ဒဏ်ရာရရှိသွားပြီး လူနေအိမ်များ မီးလောင်ပျက်စီးသွားသည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူ လျှော်ကြေးပေးရန်၊ ထိခိုက်နစ်နာသူ မိသားစုများအား တရားဝင်တောင်းပန်ရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အစိုးရ မြန်မာ့တပ်မတော် စစ်ကြောင်းကနေပြီးတော့ လေကြောင်းကိုအသုံးပြုပြီး တိုက်ခိုက်တဲ့နေရာမှာ မဆင်မခြင် သွားလုပ်သွားတဲ့အတွက် ရွာသားတွေ ၊သေဆုံး ဒဏ်ရာရသွားတယ်။ အဲဒါကို ကျနော်တ့ို လက်မခံဘူး၊ ကန့်ကွက်ရှုတ်ချတယ်”ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို ရန်သူ့သတင်းမရဘဲ တိုက်ခိုက်စရာအကြောင်း မရှိကြောင်း၊ ရန်သူက ပစ်ခတ်လာပြီဆိုလျှင် သူတို့ပစ်ခတ်သည့် နေရာများကို မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေနှင့် ပြန် လည်ပစ်ခတ်ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOA သတင်း ဌာနသို့ မတ်လ ၁၆ ရက်နေ့တွင် ပြောကြားထားသည်ကိုတွေ့ရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားထိခိုက်မှုများမြင့်တက် လာနေသည်။

ဗီဒီယိုများ