ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်သည့် အထူးဌာနဖွင့်ပေးရန် NRPC သို့ တောင်းဆို

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်သည့် အထူးဌာများ ဖွင့်လှစ်ပေးရန် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌထံသို့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့တောင်းဆိုကြသည်။

By အောင်ထိန် 19 Sep 2020

စက်တင်ဘာလ ၃ ရက်နေ့က ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာများအား မီးရှို့ခံခဲ့ရ၍ ပျက်စီးသွားသည့် နေအိမ်နှင့် မော်တော်ယာဉ်များအား တွေ့ရစဉ်။

အောင်ထိန် | DMG
စက်တင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်သည့် အထူးဌာများ ဖွင့်လှစ်ပေးရန် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌထံသို့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူများမှာ ကိုဗစ်အပြင် တိုက်ပွဲအကျိုးဆက်များကိုပါ တစ်ပူပေါ်နှစ်ပူဆင့် ဒုက္ခခံစားနေ ရသည့်အတွက် ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်ကြောင်း ဆေးတက္ကသိုလ်(၂) ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုဥဂ္ဂါမြတ်က ပြောသည်။

“ရခိုင်ပြည်မှာ ကိုဗစ်ကာလမှာလူနာတွေက ပိုများလာတယ်။ တချိန်တည်းမှာ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်နှုန်းကလည်း တက်လာတယ်။ တစ်ပြည်လုံးနဲ့မတူတာက ရခိုင်ပြည်မှာက ကိုဗစ် ကိုလည်းခံစားရတယ်။ စစ်မီးစစ်ဒဏ်ကိုလည်း ခံစားရတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျွန်တော်တို့ သမဂ္ဂတွေ ကြည့်မနေနိုင်တဲ့တွက် လုပ်ဆောင်ရတာ”ဟု ကိုဥဂ္ဂါမြတ်ကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်သည့် အိတ်ဖွင့်ပေးစာကို ပုသိမ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ပြီး ဆေးတက္ကသိုလ်(၂)ရန်ကုန် ကျောင်းသားများသမဂ္ဂ စသည်ဖြင့် စုစုပေါင်းကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိ COVID-19 ဖြစ်ပွားနေချိန်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူများ နေစဉ်သေဆုံးနေရပြီး တပ်မတော်မှ ဒေသခံပြည်သူများအပေါ် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စိတ်မချမ်းသာဖွယ်တွေ့မြင်နေရကြောင်း ကျောင်းသားများကဆိုသည်။

ယင်းကြောင့် NRPC အနေဖြင့် သတင်းအချက်အလက်လျင်မြန်စွာ စီးဆင်းနိုင်ရေး အင်တာနက်လိုင်းများ ပြန်လည်ဖွင့်နိုင်ရေး၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် တပ်မတော်နှင့် အေအေတို့ကြား ဖြစ်ပွား နေသည့် စစ်ပွားများရပ်တန့်နိုင်ရေး၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် တခြားကျောင်းသားသမဂ္ဂ အသီးသီးမှ ကျောင်းများအား ဖမ်းဆီးအရေးယူမှုမှ ပြန်လည်ရုတ်သိမ်းနိုင်ရေး စသည့်ကိစ္စရပ်များအတွက် ဆောင်ရွက်ပေးရန် ကျောင်းသားသမဂ္ဂများမှ တောင်းဆိုထားသည်။

ရခိုင်ပြည်အတွင်း အရပ်သားထိခိုက်သေဆုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ် ခဲ့သဖြင့် ကျောင်းသား ၂၀ ဦး အမှုဖွင့်ခံထားရသည်။

“စစ်တပ်က ရခိုင်ပြည်ကလွဲပြီးတော့ ကျန်တဲ့နေရာတွေမှာ အပစ်အခတ်ရပ်စဲတယ်ဆိုပြီး ကြောငြာချက် ထုတ်ထားတယ်။ ရခိုင်ပြည်မှာကျတော့ ထိုးစစ်တွေက အခုထိ လျော့မကျသေးဘူး။ အဲတော့ ရခိုင်ပြည် တစ်ခု တည်းကိုကွပ်ပြီး ထိုးစစ်ဆင်သလိုဖြစ်နေတယ်။ ဖက်ဒရယ်ဒီမိုကရေစီ သွားနေတဲ့လမ်းကြောင်းမှာ သွေးဖယ်နေ သလိုခံစားရတယ်။ ဒါကြောင့် ဒီဟာတွေအကုန်လုံးရဲ့တာဝန်အရှိဆုံးဖြစ်တဲ့ NRPC ကို ကျွန်တော်တို့ရဲ့ သဘောထားကို တင်ပြတာ” ဟု ကိုဥဂ္ဂါမြတ်က ဆိုသည်။

ယခု ကျောင်းသားသမဂ္ဂများမှ ပေးပို့သည့်အိတ်ဖွင့်ပေးစာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌသို့ လိပ်မူပေးပို့ထားပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံသို့လည်း မိတ္တူ ပေးပို့ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲ အကျိုးဆက်ကြောင့် သြဂုတ်လအတွင်းက အရပ်သား ၉ ဦးသေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗီဒီယိုများ