တပ်မတော်မှ ကျေးရွာများသို့ အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးခြင်းများ မရှိကြောင်းဆို

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ တပ်မတော်ကဝင်ရောက်ကာဒေသခံများကို အကြောင်းမဲ့သက်သက်ဖမ်းဆီးခြင်းများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက (စက်တင်ဘာလ ၂၆ ရက်နေ့က)ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

By နှင်းနွယ် 27 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၂၇ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ တပ်မတော်ကဝင်ရောက်ကာဒေသခံများကို အကြောင်းမဲ့သက်သက်ဖမ်းဆီးခြင်းများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက (စက်တင်ဘာလ ၂၆ ရက်နေ့က)ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

“တပ်ကရွာထဲကိုဝင်ပြီးဖမ်းတာရှိကောင်းရှိနိုင်တယ်။ တပ်ကို အရပ်ဝတ်နဲ့ပစ်ခတ်ပြီးဝင်ပြေးလို့ လိုက်ဖမ်းတာ ရှိကောင်းရှိနိုင်တယ်။ တပ်ကိုမိုင်းထောင်တိုက်ခိုက်ပြီး ရွာထဲကိုဝင်ပြေးလို့ စစ်ဆေးတာတွေရှိကောင်းရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

စက်တင်ဘာ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းတစ်စုံတရာမရှိဘဲ ယင်းကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုက ဖြန့်ကြဲဝင်ရောက်လာချိန် လမ်းမှာတွေ့ရှိသည့်ဒေသခံ ၂၀ ဦးအားဖမ်းဆီးခဲ့ပြီး ညနေပိုင်းအချိန်၌ ၉ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျန်ရှိသူ ၁၁ ဦးအား ကျေးရွာနှင့် ၁ မိုင်အကွာအဝေးမှာရှိသော တပ်ရင်း ၃၇၆ သို့ခေါ်ဆောင်သွားပြီး စစ်ဆေး မှုများပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင်ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင်လည်း တပ်မတော်ရေယာဉ်များမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်နေမှုများကြောင့် ယခုလအတွင်း ဒေသခံ ၅၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ကိုဘက္ကာကပြောသည်။

“တပ်မတော်ရေယာဉ်က ရေချမ်းပြင်ဘက်ကတက်လာပြီဆိုကတည်း တောက်လျှောက်ပစ်လာတယ်။ ဘာမှမရှိဘဲ ပစ်လာတာ။ တပ်မတော်ရေယာဉ်ကပစ်ပြီဆိုတာနဲ့ ရသေ့တောင်မြို့ပေါ်တပ်ရင်းကလည်း အဲဒီနေရာတွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်ပေးတယ်။ ဒါကြောင့် အဲဒီဖက်ကဒေသခံတွေကမနေရဲကြတော့ဘူး။ အခုထွက်ပြေး လာတဲ့သူတွေက တိုက်ပွဲဖြစ်လို့ပြေးလာကြရတာမဟုတ်ဘူး။ ဘာတိုက်ပွဲမှမရှိဘဲ တပ်မတော်ရေယာဉ်တွေက ပစ်ခတ်နေတာကြောင့် ကြောက်ပြီးပြေးလာကြတာ’’ ဟု ၎င်းကဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တွေမြို့နယ်နှင့် ရသေ့တောင် မြို့နယ်ကြား အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်သွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား AA အနေဖြင့် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာတောင်ဖက်မှနေ၍ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားအချို့ဒဏ်ရာရရှိသွား၍ ပြန်လည်ခုခံပစ်ခတ်ရခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ ဒီလိုမျိုးပစ်ခတ်မှုတွေရှိလာရင် တပ်မတော်သားများမှမဟုတ်ပါဘူး။ တခြားသူတွေမှာလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။ မိမိကိုယ်မိမိခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့စကားက အလကားမဟုတ်ဘူး။ ဒါကြောင့် တပ်မတော်အနေနဲ့ဒီရေယာဉ်တွေကို ပစ်ခတ်ခြင်းမရှိရင် ပစ်ခတ်စရာအကြောင်းမရှိဘူး။ ရေယာဉ် တွေကို ပစ်ခတ်တဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယခင်ကလည်း ကျောက်တော်မြို့နယ်အတွင်းမှ ရွှေပြည်၊ သာစည်၊ ကျောက်ဂူစု၊ အလယ်ကျွန်း စသည့်ကျေးရွာ များတွင် တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။

လက်ရှိမြေပြင်အခြေအနေတွင် ကျေးရွာသို့တပ်မ‌တော်စစ်‌ကြောင်းဝင်‌ရောက်လာလျှင် ဖမ်းဆီးခံရမည်ကိုစိုးရိမ် ကြောက်လန့်သဖြင့် ကျေးရွာသားများမှာ အမြဲလိုလိုဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာ နေပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာလည်း နှစ်သိန်းကျော်ထိ ရှိလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

ဗီဒီယိုများ