စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန်တိုက်တွန်းနေသော်လည်း ရခိုင်တွင် ရောင်းအားမကျ

စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန်တိုက်တွန်းနေသော်လည်း မြန်မာဘီယာကဲ့သို့ စစ်တပ်ထုတ် ယာမကာများမှာ ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ရောင်းအားမကျဘဲ ပုံမှန်သုံးစွဲနေကြဆဲဖြစ်ကြောင်း သိရသည်။

12 Sep 2022

DMG ၊ စက်တင်ဘာ ၁၂

စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန်တိုက်တွန်းနေသော်လည်း မြန်မာဘီယာကဲ့သို့ စစ်တပ်ထုတ် ယာမကာများမှာ ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ရောင်းအားမကျဘဲ ပုံမှန်သုံးစွဲနေကြဆဲဖြစ်ကြောင်း သိရသည်။

Myanmar Beer ၊ Andaman Gold၊ Black Shield စသည့် စစ်တပ်ထုတ် ယာမကာများမှာ ဒေသတွင်းဈေးကွက်တွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိနေသေးသည်။ ထို့ပြင် ပရီးမီးယား၊ ရူဘီ စီးကရက်များနှင့် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel ဆင်းကဒ်များမှာလည်း ဒေသတွင်း ရောင်းအားမကျသေးကြောင်း ကုန်စုံဆိုင်များမှ စုံစမ်းသိရှိရသည်။

“ပုံမှန်အတိုင်းပါပဲ။ မသောက်တဲ့သူတွေကတော့ မသောက်ကြတော့ဘူးပေါ့။ ရောင်းအားကတော့ မကျပါဘူး ပုံမှန်အတိုင်းပါပဲ”ဟု အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လတ်တလောတွင် တက္ကသိုလ်တက်နေသည့် ကျောင်းသားများလည်း စစ်တွေမြို့သို့ အများအပြားရောက်ရှိနေကြသဖြင့် ရောင်းအားပိုကောင်းကြောင်း ကျောင်းတက်လမ်းရပ်ကွက်မှ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ရောင်းအားကောင်းတာ မကောင်းတာကတော့ နေရာနဲ့လည်း ဆိုင်တယ် ထင်တယ်။ ကျနော့်ဆိုင်ကတော့ ရောင်းကောင်းတယ်။ အခုဆို ပိုတောင်ရောင်းကောင်းသေးတယ်။ ကျောင်းသားတွေလည်း ရောက်နေတယ်လေ”ဟု ၎င်းကပြောသည်။

ရခိုင်ဒေသအတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ(လုံးဝ)မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ကြရန် အလေးအနက်ထားပြီး တောင်းဆိုကြောင်း ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဒေသအတွင်းတိုက်ပွဲများလည်း တကျော့ပြန်လည် ပြင်းထန်လာပြီး မြန်မာစစ်တပ်သည် ပြည်သူများအပေါ် အကြမ်းဖက်ကျုးလွန်သည့်လုပ်ရပ်များကို ယခင်ထက် ပိုမိုကျုးလွန် လာကြောင်းနှင့် စစ်တပ်၏ နေ့စဉ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်နေသော လက်နက်ကြီးအန္တရာယ်များ၊

ကျေးရွာအနီးအနားတွင် ထောင်ထားခဲ့သော မိုင်းအန္တရာယ်များကြောင့် များစွာသော အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးကြရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများမှာလည်း ယခင်ထက်ပိုမိုများပြားကာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ