ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှ တိုင်းရင်းသားပြည်သူများ မဲပေးခွင့်ဆုံးရှုံးရခြင်းမှာ လက်နက်ကိုင် အဖွဲ့တချို့၏ နှောက်ယှက်မှုကြောင့်ဟု တပ်မတော်ပြော

လက်နက်ကိုင်အဖွဲ့အစည်းတချို့၏ နှောက်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုကို နှောင့်နှေးစေသည့်အပြင် တချို့ဒေသများ၌ ဒီမိုကရေစီ၏အရေးပါသည့် မဲပေးခွင့်ကို တိုင်းရင်းသားများ ဆုံးရှုံးခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

By မင်းထွန်း 03 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၃ ၊ စစ်တွေ

လက်နက်ကိုင်အဖွဲ့အစည်းတချို့၏ နှောက်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုကို နှောင့်နှေးစေသည့်အပြင် တချို့ဒေသများ၌ ဒီမိုကရေစီ၏အရေးပါသည့် မဲပေးခွင့်ကို တိုင်းရင်းသားများ ဆုံးရှုံးခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ EAOs အဖွဲ့များနှင့်ပတ်သက်သည့် သဘောထားကြေညာချက်ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပကတိအခြေအနေတွင် EAOs အချို့က အင်အားတည်ဆောက်၍ ငြိမ်းချမ်းရေးကို နှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးအတွက် နှောင့်နှေးရကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒေသခံပြည်သူလူထု၏ လွတ်လပ်စွာဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယခင်က မြို့နယ် ၉ မြို့နယ်သာ ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ယခုအခါ မြို့နယ် ၁၅ မြို့နယ်နှင့် အချို့မြို့နယ်များ၏ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“လက်တွေ့ကြည့်မယ်ဆိုရင် မကျင်းပနိုင်တဲ့မြို့နယ် ၁၅ နေရာရှိတာပေ့ါ။ အဲမှာ ၅ မြို့နယ်ကတော့ “ဝ” နယ် မိုင်းလားဧရိယာဖြစ်တယ်၊ ဒါက ၂၀၁၀ ကတည်းကမကျင်းပဖြစ်တာ အခုအချိန်ထိဖြစ်တယ်။ သူတို့ ထိန်းချုပ် ထားတဲ့ ဧရိယာဖြစ်တဲ့အတွက်ပေါ့။ ရခိုင်က ၉ မြို့နယ်က စစ်ဖြစ်နေတဲ့ဧရိယာပေါ့၊ ဒါက တိုက်ပွဲဖြစ်တယ် သဘောတူညီချက် မရဘူးဆိုတဲ့ အနေအထားမျိုးမှာတော့  ဒီစစ်ပွဲက တားလို့ရမှာမဟုတ်ဘူး။ တိုက်ပွဲတွေ ဖြစ်တာနဲ့အတူ ဒီငြိမ်းချမ်းမှုဆိုတာက ရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲမလုပ်နိုင်တာက သိပ်မထူး ဆန်းဘူးထင်တယ်” ဟု နိုင်ငံရေးအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

မြို့နယ်တစ်ခုလုံးအနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုနှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၆ ခုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက “ရွေးကောက်ပွဲကျင်းပမှာကို ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ကြိုဆိုတယ်ဆိုပြီး ပြောထားပြီးသားဖြစ်တယ်။ ရခိုင်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေကလည်း နှောက်ယှက်ဟန့်တားမှုတွေ လုပ်လိ့မ်မယ် မဟုတ်ဘူးလို့မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ဆန္ဒ သူတို့မှာရှိတယ်”ဟု ဆိုသည်။

နိုင်ငံတော်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် တပ်မတော်မှ ကြေငြာခဲ့သည်။

“ရွေးကောက်ပွဲကာလမှာ တပ်မတော်ကလည်း နိုဝင်ဘာ ၃၀ ရက်နေ့အထိ အပစ်ခတ်ရပ်စဲမယ်လို့ ပြောတယ်။ အပစ်ခတ်ရပ်စဲတဲ့အခါမှာလည်း ရခိုင်ဒေသကို ထည့်သွင်းစဉ်းစားပေးပြီးတော့  တပ်မတော်ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့လိုတယ်။ အဲဒီအချိန်မှ ရွေးကောက်ပွဲကလည်း ချောမွေ့နိုင်မယ်လို့ မြင်တယ်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

တပ်မတော်ကမူ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသများ၌ ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံချောမွေ့စွာဖြင့် ဆောလျင်စွာ ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့် မသက်ဆိုင်သည့်နေရာများတွင် ဝင်ရောက်နေရာယူခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပါကလည်း အမြန်ဆုံး ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်းလည်း တပ်မတော်က ဆိုသည်။

သို့ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုဘဲ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ် စည်းရုံးလှုပ်ရှားခွင့် ရရှိရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား NCA လမ်းကြောင်းနှင့်အညီ ဆောင်ရွက် သွားနိုင်ရေး တပ်မတော်က ဖိတ်ခေါ်တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ