ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမှ အရပ်သားများအား နှိပ်စက်ခဲ့သည့် တပ်မတော်သားများကို အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်အတွင်း ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားများက ရခိုင်အမျိုးသား (၅) ဦးကို ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့် ဗီဒီယိုဖိုင်တစ်ခုမှာ ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပျံနှံခဲ့ကာ ယင်းအပေါ်တွင် ဝေဖန်မှုများလည်း မြင့်တက်နေခဲ့သည်။

By အောင်ထိန် 14 May 2020

အောင်ထိန်|DMG
၁၄ မေ ၂၀၂၀

ရခိုင်ပြည်နယ်အတွင်း ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားများက ရခိုင်အမျိုးသား (၅) ဦးကို ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့် ဗီဒီယိုဖိုင်တစ်ခုမှာ ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပျံနှံခဲ့ကာ ယင်းအပေါ်တွင် ဝေဖန်မှုများလည်း မြင့်တက်နေခဲ့သည်။

ယင်းဗွီဒီယိုဖိုင်ထဲက တပ်မတော်သားများက ရိုက်နှက်နေသော ရုပ်သံဖိုင်မှာ ရက္ခိုင့်တပ်တော် AA အဖွဲ့နှင့် ဆက်နွယ်သူများဟု ယူဆရသည့် အတွက် ဧပြီလ (၂၇) ရက်နေ့မှာ ပုဏ္ဏားကျွန်းမှ စစ်တွေသို့ တရားစွဲဆိုရန် ခေါ်ဆောင်လာသည့် အခါ ယင်းသို့ ဥပဒေနှင့် မလျော်ညီသော စစ်ဆေးမှုများရှိခဲ့ကြောင်း တပ်မတော် မေ ၁၂ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

အခုလို စစ်ဆေးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့သူ (၅) ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ (၃) ဦး၊ ပုဏ္ဏားကျွန်းမြို့ပေါ်က တစ်ဦးနှင့် မြောက်ဦးမြို့နယ်က တစ်ဦးဖြစ်ကြောင်း မိသားစုဝင်မျာက အတည်ပြုပြောဆိုကြသည်။

ယင်းဖြစ်စဉ်တွင် တပ်မတော်သားများအနေဖြင့် ဒေသခံများကို သံသဖြင့် ဖမ်းဆီး နှိပ်စက်နေခြင်းမှာ လူသားချင်း စာနာထောက်ထားမှုမရှိဘဲ ရက်စက်သော လုပ်ရပ်တစ်ခုသာကြောင်း ကျောက်ဆိပ်ကျေးရွာမှ နှိပ်စက်ခံရသူ ကိုညီညီအောင်၏ ဦးလေးဖြစ်သူ ဦးစောသိန်းမောင် က ပြောသည်။

“ဦးလေးရဲ့တူလေးကို သူတို့က ရိုက်တဲ့အချိန်မှာ ကြောက်လန့်ပြီးတော့ ဆရာရယ် ကျွန်တော်က ဆန်အိတ်ထမ်းနေတဲ့ အလုပ်သမား ကူလီပါလို့ ကြားလိုက်တဲ့ အသံကို အခုထိရင်ထဲမှာ ဝမ်းနည်းကြေကွဲနေဆဲပါ။ ရင်ကွဲမတတ်ဝမ်းနည်းရတယ်။ ဒီလိုမျိုးနောက်ဘယ်သူ့သားသမီးတွေကိုမှ မဖြစ်စေချင်ဘူး။” ဟု ဦးစောသိန်းမောင်က ဆိုသည်။

ထို့အတူ တခြားနှိပ်စက်ခံရသူများမှာလည်း ဒေသအတွင်း ရိုးသားစွာ လုပ်ကိုင်စား သောက်နေကြသူများ ဖြစ်ကြောင်း မိသားစုဝင်များက ပြေဆိုကြသည်။

ရိုက်နှက်စစ်ဆေးခဲ့သည့် တပ်မတော်သာများအာ စစ်စည်းကမ်းဥပဒေအရ အရေးယူမည်ဟု တပ်မတော်က ပြောဆိုမှုများမှာ လက်တွေတွင် လုပ်ဆောင်မှုအားနည်းချက်များရှိနေကာ ယင်းတို့အနေဖြင့် ပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ အပြုသင့်ကြောင်း ရခိုင့်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“တပ်မတော်ရဲ့ပြောကြားချက်တွေကတော့စာမှာပဲရှိတယ်။ ကျွန်တော်တို့ အရေးယူမယ်ဆိုတာတွေ လက်တွေ့မှာ အကောင်ထည်ဖော်ပြီးလုပ်တာ ကျွန်တော်တို့မတွေ့ရဘူး။ အဲဒီတော့ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် လူ့အခွင့်ရေးကို ထပ်ကာထပ်ကာ ကျူးလွန်နေမယ်လို့ရှိရင် ပြည်သူတွေအနေနဲ့ တော်တော်လေးနစ်နာမယ်။ အပြစ်မဲ့ ပြည်သူတွေထိခိုက်နစ်နာမှုအများကြီးရှိတယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။

ထို့အတူ တပ်မတော်သားများအပေါ်အရေးယူမည့် စစ်ဥပေဒေကိုပြည်သူများက ပွင့်လင်းမြင်သာစွာသိရန် ခက်ခဲကြောင့် ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်ပြုအဖွဲ့က တရားလွှတ်တော်ရှေ့နေဦးငြိမ်းချမ်း ကဆိုသည်။

“အရေးယူမယ်ဆိုတာက ဘယ်လို အရေးယူမှာလည်း ဆိုတာကိုတော့ ပြည်သူတွေသိဖိုလိုတယ်။ နောက်တစ်ခုက ခံစားခဲ့ရတဲ့ မိသားစုတွေရော။ ခံစားခဲ့ရတဲ့ သူတွေပါသိဖို့လိုတယ်။ ဆိုလိုတာက တပ်မတော်က အရေးယူတဲ့အခါ ဘယ်လောက်ထိ ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ အမှန်တကယ် အလုပ်လုပ် နေပါတယ်ဆိုတာကို။ အမှန်တကယ်စစ် ဆေးနေပါတယ်။

အမှန်တကယ်အပြစ်ပေးနေပါတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာသိဖို့ကမလွယ်ဘူး။” ဟု ဦးငြိမ်းချမ်းက ပြောသည်။

ပြီးခဲ့တဲ့ ဧပြီလ (၁၉) ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လူ (၃၈) ဦး ကို တပ်မတော်ကဖမ်း ဆီးခဲ့ပြီးနောက် (၃၃) ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန် (၅) ဦးကိုဖမ်းဆီးထားခြင်းဖြစ်သည်။ လက်ရှိမှာ သူတို့ (၅) ဦးအား ပုဏ္ဏားကျွန်းရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့ စစ်ရေးပဋိပက္ခအတွင်း သံသဖြင့်အရပ်သားတွေ ဖမ်းဆီးခံရမှု တွေဟာလည်း တစ်နေ့တခြားများပြားလာနေသည်။

ဗီဒီယိုများ