AA နှင့် ဆက်စပ်သံသယဖြင့် မြောက်ဦးဒေသခံတစ်ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့်  ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေထံမှသိရသည်။

09 Jul 2022

AA နှင့် ဆက်စပ်သံသယဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်သူ ကိုတင်မောင်စိုး။


DMG ၊ ဇူလိုင် ၉

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့်  ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေထံမှသိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ မြောက်ဦးမြို့နယ်၊ ဘုရားကြီးချောင်းနား ကျေးရွာမှ(၂၅)နှစ်အရွယ် ကိုတင်မောင်စိုး ဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လက မြောက်ဦးကနေ ရသေ့တောင်ရှိ ဆွေမျိုးအိမ်သို့ အလည်သွားရာတွင် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းကို ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်ဟု သံသယဖြင့်ဖမ်းဆီးခဲ့ပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းမှ ဗိုလ်ဟိန်းမိုးအောင်က တရားလိုပြုလုပ်ကာ အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။

သို့သော်လည်း ပုဒ်မ ၅၀(က) အမှုကို ငြိစွန်းမှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း ၅၂ (က) က ငြိစွန်းမှုရှိသည်ဟုဆိုကာ ထိုသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းကြောင်း ထိုအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ဆန်းဦး က DMGသို့ပြောသည်။

“အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ပုဒ်မတော့ နှစ်ခုနဲ့ တရားစွဲတာ။ ၅၀(ည) က ကျရင် AA ရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုပြီး စွဲတာ။ ၅၂ (ည) ကကျရင် AAအဖွဲ့ကို စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်ဆို ပြီးစွဲတာ။ အဖွဲ့ဝင်ပုဒ်မကတော့ ပြုတ်သွားတယ်။ ၅၂ (က) နဲ့ပဲ အမိန့်ချတာ ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ဆန်းဦးက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကိုတင်မောင်စိုးမှာ လယ်ယာလုပ်ကိုင်နေသူတဦးဖြစ်ပြီး တရားရုံးမှ ယခုကဲ့သို့ ထောင်ဒဏ် အမိန့်ချမှတ်လိုက်တဲ့အပေါ်  မိဘတစ်ဦးအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဖခင်ဖြစ်သူ ဦးမောင်မောင်လှ က DMG သို့ ပြောသည်။

“ကျနော်အနေနဲ့ ပထမဆုံး သတင်းကြားရတဲ့နေ့ကတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် အမိန့်စာ ချလိုက်တဲ့အခါ မိဘတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ ဆိုတော့ သားသမီးကို မိဘတာဝန်မကျေသလိုမျိုး ခံစားရတယ်။ စိတ်မကောင်း ဖြစ်ရပါတယ် ” ဟု သူကပြောသည်။

ရက္ခိုင့်တပ်တော် (AA) ကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။ သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အုပ်စုမှ ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။

ယင်းကြောင့် AA နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် တရားစွဲခံထားရသူတို့အား အမှုကို ရုတ်သိမ်းပေးဖို့ ဖမ်းဆီးခံထားသည့် မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။

လက်ရှိတွင် AA နှင့် ဆက်စပ်သံသယဖြင့် တရားရုံးအသီးသီးတွင် တရားရင်ဆိုင်နေရသူ ၁၀၀ ဦးခန့် ရှိကြောင်း စာရင်းကောက်ယူထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ စာရေးဆရာ ဝေဟင်အောင်ထံမှ သိရသည်။

ဗီဒီယိုများ