တိန်ညိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်ချထားပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိတော့သဖြင့် ဆရာဝန်အမြန်ဆုံးချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

24 Nov 2021

DMG ၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိတော့သဖြင့် ဆရာဝန်အမြန်ဆုံးချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

တိန်ညိုတိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့်ဆရာဝန်မှာ ဆေးပညာဆက်လက်သင်ကြားရန်သွားသဖြင့် ဆေးရုံတွင်ဆရာဝန်မရှိသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဆေးရုံမှာဆရာဝန်မရှိတာ တစ်လကျော်လောက်ရှိပြီ။ ရာထူးတိုးဖို့အတွက် ကျောင်းတက်ဖို့သွားတယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောခဲ့တယ်။ ၂ နှစ်လောက်ကြာမယ်လို့ သူမသွားခင် နှုတ်ဆက်ပွဲလုပ်တဲ့နေ့မှာ ကျနော်တို့ကိုပြောခဲ့တာပါ“ဟု တိန်ညိုစစ်ဘေးရှောင်စခန်းမှ ကိုစိုးနိုင်ကပြောသည်။

တိန်ညိုတိုက်နယ်ဆေးရုံမှာ တိန်ညိုစစ်ဘေးရှောင်စခန်းအနီးတွင်ရှိသဖြင့် စစ်ဘေးရှောင်များမှာလည်း ကျန်းမာရေးအတွက် အားထားနေရသော ဆေးရုံဖြစ်သည်။
တိန်ညိုစံပြကျေးရွာအပါအဝင် ကျေးရွာပေါင်း ၅၄ ရွာမှ ဒေသခံများမှလည်း အဆိုပါတိန်ညိုစံပြကျေးရွာကို အားထားနေကြရသည်။

လက်ရှိတွင် တိန်ညိုတိုက်နယ်ဆေးရုံမှ လစ်လပ်နေသည့်ဆရာဝန်နေရာအား အစားထိုးမှုအမြန်ဆောင်ရွက်ပေးခြင်းမရှိပါက ဒေသခံများအတွက် ကျန်းမာရေးအခက်အခဲဖြစ်လာနိုင်သည်ဟု တိန်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်ကပြောသည်။

“ဒီဆေးရုံဟာ ကျန်းမာရေးနဲ့ပတ်သက်လာရင် ကျေးရွာပေါင်းအများကြီးက အားထားနေရတဲ့ဆေးရုံဖြစ်တယ်။ ဒီလိုဆရာဝန်မရှိ လစ်လပ်မှုတွေ အကြာကြီးဖြစ်လာမယ်ဆိုရင် ဒေသနေပြည်သူတွေမှာ ကျန်းမာရေးအခက်အခဲဖြစ်လာမယ်။ အဓိက အရေးပေါ်လူနာတွေအတွက် ပိုပြီးတော့အခက်အခဲဖြစ်မယ်။ မြောက်ဦးဆေးရုံကို လူနာသွားပို့မယ်ဆိုရင်လည်း လမ်းခရီးအခက်အခဲတွေရှိတယ်“ဟု ၎င်းကဆိုသည်။

တိန်ညိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်လစ်လပ်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “လစ်လပ်သွားတဲ့နေရာမှာ တခြားတစ်ယောက်နဲအစားထိုးဖို့ သက်ဆိုင်တဲ့သူတွေက စီစဉ်ကြမှာပါ။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ ကုသရေးဦးစီးဌာနနဲ့ပဲဆိုင်တယ်။ သူတို့ကပဲသိမှာပါ“ဟု ဆိုသည်။

ယင်းကိစ္စအား စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ ဒုဆေးရုံအုပ် ဒေါက်တာခင်ခင်ဇော်ကို DMG မှ ကိုယ်တိုင်သွားရောက်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း DMG သတင်းဌာနအား အင်တာဗျူးမဖြေကြားပေးနိုင်ကြောင်း ပြောဆိုသည်။

ဆက်လက်ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိမှာ တိန်ညိုစစ်ဘေးရှောင်စခန်းတွင် တစ်ပတ်လျှင် ၂ ရက်စီ နယ်စည်းမခြားဆရာဝန်များအဖွဲ့(RSF)မှ ဆေးခန်းလာထိုင်ပေးနေကြောင်း သိရသည်။

ဗီဒီယိုများ