တနင်္သာရီတိုင်းတွင် နိုင်ငံရေးလှုပ်ရှားသူများကိုဖမ်းဆီးမှု ယခုနှစ်ကုန်ပိုင်းအတွင်း ပိုများလာ

တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်၏လက်အောက်ခံအဖွဲ့များမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များကို ဖမ်းဆီးမှုများ ယခုနှစ်ကုန်ဒီဇင်ဘာလအတွင်း၌ ပိုမိုများပြားလာကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

30 Dec 2021

Photo Credit - Dawei Watch News

DMG ၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်၏လက်အောက်ခံအဖွဲ့များမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များကို ဖမ်းဆီးမှုများ ယခုနှစ်ကုန်ဒီဇင်ဘာလအတွင်း၌ ပိုမိုများပြားလာကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့၊ ကညုံရပ်ကွက် သီတာလမ်းရှိ နေအိမ်တစ်လုံးကို မနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေ ၃ နာရီတွင် မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏မိသားစုဝင်တစ်ဦးမှ DMG ကိုပြောသည်။

"မနေ့ညနေ ၃ နာရီလောက်ကပေါ့။ အရပ်ကား Vigo နဲ့ အင်အားက ၂၀ ကျော်တယ်။ အဲတာအိမ်ကိုအတင်းဝင်ဖို့လုပ်နေတုန်း အကိုကအပြင်ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ လက်ထိပ်ခတ်ပြီးဖမ်းခေါ်သွားတာ။ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး"ဟု အဆိုပါမိသားစုဝင်ကပြောသည်။

ဖမ်းဆီးခံရသူမှာ စစ်အာဏာသိမ်းမှုအစပိုင်းတွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့သူ ကိုကျော်နိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်းကို PDF အဖွဲ့နှင့်ဆက်နွယ်သည်ဟုအကြောင်းပြကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနှင့်နီးစပ်သူ တစ်ဦးကဆိုသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာတွင် မြန်မာစစ်တပ်ထံသတင်းပေးသူတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သုံးဦးတို့ကို မြန်မာစစ်တပ်လက်အောက်ခံ အဖွဲ့များမှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ရလိုက်ကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးတင်စိုး၊ ဦးနေဆန်းလင်း(အဖွဲ့ဝင်)နှင့် ကိုဝေယံနိုင်တို့ဖြစ်ပြီး ၎င်းတို့ကို ရေဖြူရဲစခန်းတွင် ဖမ်းဆီးခံထားကြောင်း ဒေသခံများထံမှသိရသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်က ထားဝယ်မြို့ ပနွဲတောရပ်ကွက်တွင်နေထိုင်သည့် လူငယ်တစ်ဦးကို ၎င်းနေထိုင်ရာနေအိမ်အတွင်းသို့ စစ်တပ်လက်အောက်ခံအဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ကလည်း လူငယ်နှစ်ဦးကို ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင် လောင်းလုံမြို့နယ် လောင်းလုံ-စမ်းလှမ်းရွာလမ်း၊ မြင့်မိုရ်လက်ခတ်တောင်လမ်းမတွင် အမျိုးသားတစ်ဦးကို လက်နက်များပါလာသည်ဟုဆိုကာ ထိုနေရာတွင်တပ်စွဲနေသည့် မြန်မာစစ်တပ်မှပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း အဆိုပါရွာမှဒေသခံတစ်ဦးကပြောသည်။

"ဖြစ်တာကမနက်စောစောပဲ။ သေနတ်ပစ်သံကြားရလို့ကြည့်တော့ ကောင်လေးတစ်ယောက်လဲပြီးသေနေတယ်ပြောတယ်။ အဲဒီစစ်တပ်ကသူတွေက သူ့မှာသေနတ်ပါလာလို့ပစ်လိုက်တာလို့ပြောတယ်။ ကောင်လေးက ရာဘာခြံလုပ်သားတစ်ဦးပါ။သူ့အလောင်းကိုတော့ ဆေးရုံကိုသယ်သွားတာတွေ့ခဲ့ရပါတယ်"ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်ထောင်တွင်လည်း နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီ၏တရားစွဲဆိုမှုကို ခံထားရသူများထဲမှ အောက်တိုဘာ(၁၈)ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျား ၂၄ ဦး၊ မ ၄ ဦးလွတ်မြောက်ခဲ့ပြီး လက်ရှိ ၂၀၀ ဦးကျော်မှာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ