တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ကြားတိုက်ပွဲများကြောင့် ဒေသခံထောင်ချီစစ်ဘေးရှောင်နေရ

တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ (၄)အပါအဝင် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်။

21 Feb 2022

တနင်္သာရီမြို့အနီး မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ(၄) ပူးပေါင်းအဖွဲ့ ဒေသခံကာကွယ်ရေးတပ်ကြား တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ (၄)အပါအဝင် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ(၄)အပါအဝင် ဒေသတွင်းပူးပေါင်းတပ်တို့ကြား (၄)ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲပြင်းထန်မှုကြောင့် တနင်္သာရီ၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့မှ ဒေသခံအများစုမှာ နေအိမ်များကိုစွန့်ခွာပြီး နီးစပ်ရာဥယျာဉ်ခြံမြေတောတောင်နှင့် စစ်ဘေးရှောင်စခန်းတို့၌ တိမ်းရှောင်နေကြရသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ တနင်္သာရီမြို့နယ် ပဝနှင့် လယ်သစ်ကျေးရွာတို့၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ကျွမ်းခဲ့ရပြီး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပဝကျေးရွာဒေသခံအမျိုးသမီးတစ်ဦးမှ DMG ကိုပြောသည်။

"စစ်တပ်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။ အိမ်ကိုလည်းထိတယ်။ အနီးအနားကအိမ်တွေကိုလည်းမှန်တယ်။ မီးလောင်ကုန်တယ်။ အခုက နီးစပ်တဲ့ဥယျာဉ်ခြံထဲမှာတိမ်းရှောင်နေရပါတယ်"ဟု ၎င်းကပြောသည်။

ဒေသခံအများစုမှာ လက်ရှိအချိန်အထိ နီးစပ်ရာတောတောင်အတွင်း နေထိုင်နေရဆဲဖြစ်ပြီး အချို့မှာ စစ်ဘေးရှောင်စခန်းသို့ရောက်ရှိနေကြကြောင်း စစ်ဘေးရှောင်အရေးကူညီရေးအဖွဲ့များထံမှသိရသည်။

လက်ရှိအချိန်အထိ စစ်ဘေးရှောင်ဒေသခံများမှာ ပိုမိုများပြားလာမှုကြောင့် ဆေးဝါးနှင့်စားနပ်ရိက္ခါများ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း ဒေါန-တနင်္သာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူမှဆိုသည်။

"လက်ရှိအချိန်အထိ စစ်ဘေးရှောင်ဒေသခံတွေက ပိုမိုများပြားလာတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ ကျန်းမားရေးစောင့်ရှောက်မှုတွေက အရေးပေါ်လိုအပ်လျက်ရှိနေပါတယ်"ဟု ၎င်းမှဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြန်မာစစ်တပ်နှင့် ကေအန်ယူတပ်မဟာ ၄ ပူးပေါင်းအဖွဲ့ ဒေသခံကာကွယ်ရေးတပ်ကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ဗီဒီယိုများ